တယောက်တည်းနေတဲ့ အမျိုးသမီးတွေမှာ အသက်အန္တရာယ်နဲ့ ထိပ်တိုက် ကြုံတွေ့လာခဲ့ရင် ရင်ဆိုင်ဖြေရှင်းတတ်ဖို့နဲ့ မမြင်နိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်အောင် မီးမောင်းထိုးပြထားတဲ့ ကိုရီးယားရုပ်ရှင် “Door Lock” ကို ဒါရိုက်တာ Lee Kwon ရိုက်ကူးထားပြီး စပိန်ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတဲ့ Thriller ရုပ်ရှင် အမျိုးအစားဖြစ်ကာ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။
မင်းသမီး ဂုံဟိုဂျင်း (Gong Hyo-jin) အဓိက ပါဝင်ထားပြီး IMDb မှာ Rating အဆင့် (6.2) ရရှိကာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၅ သန်းကျော် ရခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ အမျိုးသမီးတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ကြောင်း၊ ဘယ်နေရာကိုမှ လုံခြုံစိတ်ချရတယ် မနေဘဲ အမြဲကြိုတင်ကာကွယ် ဂရုစိုက်နေသင့်ကြောင်း၊ သည်းထိတ်ရင်ဖို ကြိုက်သူတွေအတွက် ကြက်သီးထသွားစေမယ့် ဇာတ်ကားတကားဖြစ်ကြောင်း အစရှိတဲ့ မှတ်ချက်တွေ ပေးခံထားရတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာပဲ တယောက်တည်းနေတဲ့ ဂျိုယောင်မင် (မင်းသမီး ဂုံဟိုဂျင်း) ဟာ အလုပ်က ပြန်လာတိုင်း အိမ်တံခါးအော်တိုစနစ် မူမမှန် ဖြစ်နေတာကို သတိထားမိလာပါတယ်။ သူတံခါးကို သေချာပိတ်ခဲ့ပေမယ့် ခလုပ်နှိပ်တဲ့ အဖုံး ပွင့်နေသလို၊ လူတယောက် ခိုးဝင်ထားသလို သံသယ ဝင်လာတာကြောင့် လျှို့ဝှက်နံပါတ်ကို မကြာခဏ အပြောင်းအလဲ လုပ်နေရပါတယ်။
တရက်မှာတော့ ညဘက် သူမအိပ်ခင် တံခါးအော်တိုစနစ်က လျှို့ဝှက်နံပါတ်ကို လူတယောက် လာဖွင့်ကြည့်နေသံ ကြားရပြီးနောက်မှာတော့ ရဲကို အကြောင်းကြားခဲ့ပေမယ့် အိမ်ထဲကို ဖောက်ထွင်းဝင်တာ မဟုတ်လို့ အရေးယူလို့ မရခဲ့ပါဘူး။ တရက်မှာတော့ သူ့အလုပ်ခွင်မှာ ပြဿနာတက်ခဲ့တဲ့ Customer က ညနေအလုပ်ဆင်း ကားမှတ်တိုင်မှာ စောင့်ပြီး ပြဿနာ ထပ်ရှာရာက ဌာနမှူး ရောက်လာပြီး အိမ်ပြန်ပို့ပေးခဲ့ပါတယ်။
ဒါပေမယ့် သူအိမ်ထဲရောက်ပြီး မကြာခင်မှာပဲ လူခေါ်ခေါင်းလောင်းတီးလို့ သွားကြည့်လိုက်တဲ့အခါ ဌာနမှူး ဖြစ်နေပြန်ပါတယ်။ အိမ်နံပါတ်ကို တခါမှ မပြောပြခဲ့ဖူးပေမယ့် ဌာနမှူးက ဘယ်လိုသိနေတာလဲ စဉ်းစားမိသွားပြီး အပြင်ထွက်မယ် အကြောင်းပြကာ ရဲစခန်းကို ထပ်အကြောင်းကြားခဲ့ပါတယ်။
ရဲတွေနဲ့အတူတူ အိမ်ပြန်ရောက်ချိန်မှာတော့ ဌာနမှူးက လုံးထွေး သတ်ပုတ်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေပါပြီ။ ဒီလူသေမှုကြောင့်ပဲ သူ့ကို ရဲတွေက သံသယဝင်ခဲ့သလို အလုပ်လည်း ပြုတ်ခဲ့ရပါတယ်။ ယောင်မင် စဉ်စားမိတာကတော့ သူနဲ့ ပြဿနာ တက်ခဲ့တဲ့ Customer လို့ထင်ပြီး တိတ်တဆိတ် စုံစမ်းခဲ့ပေမယ့် သေချာ လက်ဆုပ်လက်ကိုင် မပြနိုင်သလို ရဲတွေဘက်ကလည်း အဖြေရှာ မရခဲ့ပါဘူး။
နောက်ဆုံးမှာတော့ လက်ရှိ အိမ်ကနေ အိမ်အသစ်ပြောင်းခဲ့ချိန်မှာ မထင်မှတ်ထားတဲ့ သဲလွန်စ တခုကနေ ယောင်မင်ရဲ့ အိမ်ထဲ ခိုးဝင်နေတဲ့သူက ဘယ်သူလဲဆိုတာ သိလာပါတော့တယ်။
ဇာတ်လမ်း အစအဆုံး အသက်ရှူဖို့ မေ့လောက်တဲ့အထိ သည်းထိတ်ရင်ဖို ခံစားရမယ့် “Door Lock” ရုပ်ရှင်မှာ သတိမမူမိတဲ့ မြှုပ်ကွက်တွေကလည်း ဇာတ်လမ်းအရှိန်ကို ပိုမြင့်စေပါတယ်။ ဘယ်သူက တရားခံအစစ် ဖြစ်မလဲဆိုတာ ဇာတ်လမ်းအဆုံးမှာ ပရိသတ်တွေ တွေးထားတာနဲ့ တထပ်တည်း တူညီရဲ့လားဆိုတာ ဒီဇာတ်ကားမှာ အဖြေရှာကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။