လူငယ်အဆိုတော် တယောက်ဖြစ်တဲ့ အုပ်စိုးခန့်ရဲ့သီချင်းများကတော့ ပရိသတ်အကြိုက်နဲ့ ထပ်တူညီလျက်ရှိပြီး ဒီသီချင်းတွေကို သီဆိုတဲ့အခါ ခံစားချက်အပြည့်နဲ့ သီဆိုတယ်လို့ ပြောပါတယ်။
မကြာခင် ရုံတင် ပြသမယ့် “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဇာတ်ဝင်သီချင်းကို အဆိုတော် ကေကေမိုးနဲ့ အုပ်စိုးခန့် သီဆိုထားတာကို လတ်တလောမှာ ပရိသတ်တွေ ကြိုက်နှစ်သက်နေကြပါတယ်။
“အဓိကက အဆိုတော် နှစ်ယောက် စုံတွဲ ဆိုမယ်ဆိုရင် နှစ်ယောက်လုံး အဆင်ပြေနိုင်မယ့် ၅၀ ရာခိုင်နှုန်းစီ ညှိပြီး ဆိုရတယ်ပေါ့။ ကျနော် တယောက်တည်း ဖြစ်ချင်တာပဲ ပြောလို့ မရဘူး။ တချို့နေရာတွေမှာ မကေကေမိုးက အရမ်းအဆိုကောင်းတဲ့အတွက် High Note တွေ လိုက်မမှီတဲ့အတွက် ညှိပြီးလုပ်ကြတယ်။ ဒါကတော့ အဆိုတော်တိုင်းပါပဲ။ ဒီသီချင်းလေးက ပေါက်သွားတဲ့အတွက် အရမ်းဝမ်းသာပါတယ်”လို့ အုပ်စိုးခန့်က ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားရဲ့ အကျဉ်းချုပ် ပုံစံကို ပြောပြထားတာကြောင့် ခံစားချက်အပြည့် ထည့်ပြီး သီဆိုထားတာဖြစ်တဲ့အတွက် မှားတာရှိရင်လည်း တောင်းပန်တဲ့အကြောင်း အုပ်စိုးခန့်က ပြောပါတယ်။
“သူတို့ပြောတဲ့ အကျဉ်းချုပ် ပုံစံလေးကတော့ အသည်းကွဲတဲ့ ပုံစံလေးဆိုတော့ ကျနော်က သီချင်းတိုင်းကို ခံစားချက်ထည့်ပြီး ဆိုတဲ့အတွက်ကြောင့် ဒီသီချင်းလေးကိုလည်း ခံစားချက်အပြည့်နဲ့ ဆိုထားပါတယ်။ မှားတာတွေရှိရင်လည်း တောင်းပန်ပါတယ်”လို့ အုပ်စိုးခန့်က ဆိုပါတယ်။
သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတာကြောင့် သူ့ရဲ့အပြင်က အချစ်ရေးအကြောင်းကို မေးကြည့်တဲ့အခါ “အချစ်ကတော့ ကျနော်က ငယ်သေးပါတယ်။ ကျနော်ကြိုက်တဲ့ သီချင်းဆိုရင် ရင်ထဲမှာ ထိပြီးသားပါ”လို့ အုပ်စိုးခန့်က ပြောပါတယ်။
မကြာသေးခင်ကလည်း အုပ်စိုးခန့်ဟာ Shwe FM က ချီးမြှင့်တဲ့ မျက်နှာသစ် တေးသံရှင်ဆုကို ရရှိခဲ့ပြီး အဆိုပါ ရရှိတဲ့ဆုကိုတော့ သစ်တံခါးဆရာတော်ထံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ကျနော် သစ်တံခါးဆရာတော် ဘုန်းဘုန်းဆီမှာ သွားလှူခဲ့ပါတယ်။ ပြီးရင် အနုပညာကြေး ၁၀ သိန်းကိုလည်း လှူလိုက်ပါတယ်”လို့ အုပ်စိုးခန့်က ပြောပါတယ်။
ဒီဆုကတော့ သူ့ဘဝအတွက် မှတ်တိုင်တခု ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း “ဒါလေးကတော့ ကျနော့်ရဲ့ မှတ်တိုင်တခုလေးပေါ့။ ဖြစ်ချင်တဲ့ မှတ်တိုင်လေး တခုကို စိုက်လိုက်ပြီပေါ့။ နောက်လည်း ထပ်ပြီး မှတ်တိုင်တွေစိုက်သွားပါမယ်လို့ ကတိပေးပါတယ်”လို့ အုပ်စိုးခန့်က ဆိုပါတယ်။
ဆက်လက်ပြီး “ကျနော်က အလှူအတန်းများများ လုပ်ချင်တာ။ နောက်လည်း ကျနော်ရတဲ့ အနုပညာကြေး၊ တခြား အရာဝတ္ထုပစ္စည်းတွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ကျနော်က လှူချင်တာ။ အဲဒါ မပြောနဲ့။ လမ်းမှာတွေ့တဲလူတွေ၊ အဆင်မပြေတဲ့လူတွေ တွေ့ရင် ကျနော် စိတ်ထဲမှာ မကောင်းဘူး”လို့ အုပ်စိုးခန့်က ပြောပါတယ်။
အနုပညာအလုပ်များကို အဆက်မပြတ် လုပ်နေတဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ သီချင်းများကို သီဆိုရုံသာမက မကြာခင်မှာလည်း “အိပ်မက်တွေ မိုးထားတဲ့အိမ်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။