မော်ဒယ်၊ သရုပ်ဆောင် တယောက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းကတော့ စာရေးဆရာ လယ်တွင်းသားစောချစ်ရဲ့ “ကျွန်တော် အမုန်းဆုံး ကျွန်တော်” ဆိုတဲ့ ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးရမှာ မအေးဖြူ ကာရိုက်တာကနေ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“ဒီဇာတ်လမ်းတွဲကတော့ ဆရာ လယ်တွင်းသားစောချစ်ရဲ့ ဇာတ်လမ်းလေးပါ။ အရင်ကတော့ ရုပ်ရှင်ကားကြီးရိုက်ထားတာတွေ ရှိတယ်။ စီနီယာတွေပေါ့။ ဒီထဲမှာက မအေးဖြူဆိုတဲ့ ကောင်မလေး ပုံစံကတော့ အိမ်ထောင်ရေးပုံစံလေး။ ကိုယ့်ရဲ့ယောကျ်ားကို ကျောင်းဆရာမ လုပ်ရင်းနဲ့ ကျောင်းထားပေးရင်းနဲ့မှ အိမ်ထောင်ရေး ဖောက်ပြန်တာကို တွေ့ရတဲ့ ဇာတ်လမ်းလေးပေါ့”လို့ နန်းစန္ဒာလှထွန်းက ပြောပါတယ်။
ကာရိုက်တာနဲ့ ပတ်သက်ပြီး ကလေး ၃ ယောက်အမေ ဖြစ်တဲ့အတွက် အကြီးဆုံးက သားယောကျ်ားလေး ဖြစ်တာကြောင့် အပြင်လောကမှာ မောင်လေး မရှိတဲ့အတွက် Mood သွင်းရတာ ခက်ခဲခဲ့တယ်လို့ သိရပါတယ်။
“ကာရိုက်တာအတွက် ပြင်ဆင်မှုကတော့ ကလေး ၃ ယောက် အမေဆိုတော့ သားအကြီးဆုံးက ယောကျ်ားလေး၊ သားတယောက်အနေနဲ့ ကြည့်ရတဲ့အခါကျတော့ နည်းနည်း Mood က မရဘူးပေါ့။ ညီမလေးဆိုရင်တောင် စိတ်က ရဦးမယ်။ ကိုယ့်မှာညီမပဲ ရှိတာဆိုတော့ ညီမလေးဆိုတဲ့ စိတ်နဲ့ Mood က ဝင်တယ်ပေါ့။ သားအကြီးဆုံးဆိုတော့ မောင်လေးတွေ ဘာတွေလည်း မရှိတော့ မချစ်တတ်ဘူး။ Mood သွင်းရတာ ခက်တယ်။ ဒါပေမယ့် ရိုက်ကူးရေးက နယ်မှာပဲ လုပ်တာဆိုတော့ ရိုက်ကူးရေးက လူတွေနဲ့ တွေ့နေတော့ ကာရိုက်တာကို သွင်းလိုက်တော့ ရပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး နန်းစန္ဒာလှထွန်းကတော့ ဒီဝတ္ထုကို ဖတ်စဉ်က ကာရိုက်တာထဲ စီးမျောပြီး ၃ ခေါက်လောက် ငိုခဲ့ရတယ်လို့ ပြောပါတယ်။
“အဲဒီဝတ္ထုကို ဖတ်တုန်းက ၃ ခေါက် ငိုတယ်။ ကာရိုက်တာတွေ လိုက်ပြီးတော့မှ ငိုတာ။ အခု မအေးဖြူ ကာရိုက်တာကို ကြည့်ပြီးတော့မှ စို့တက်ပြီးတော့ မျက်ရည်ကျတာ။ ကာရိုက်တာက ဝတ္ထုဖတ်ကတည်းက စီးနေတာ။ အေးဖြူက ဝတ္ထုဖတ်ကတည်းက အရမ်းသနားကြတယ်။ သူ့မှာဘာမှ မသိဘူး။ သူ့ယောကျ်ားကို ချစ်နေရင်းနဲ့ ကလေးတွေကို ထိန်းလိုက်၊ ကျောင်းသွားလိုက်။ သူ့ယောကျာ်းကို ကျောင်းထားပေးတယ်”
“လုံးဝ ဖြူဖြူစင်စင်လေး။ ရိုက်ရတာက ဟဲဗီးတွေဆိုတော့ နည်းနည်းတော့ ဖိအား ဖြစ်ရတယ်။ ဒါက အပြင်လောကမှာ ဖြစ်နေတဲ့အရာတွေပဲလေ။ ဒီဇာတ်လမ်းကို ဖတ်ပြီးတော့ ယောကျ်ားတွေ တယောက်မှ ကောင်းတယ်လို့ မမြင်ချင်တော့ဘူး ဖြစ်သွားတယ်”လို့ နန်းစန္ဒာလှထွန်းက ပြောပါတယ်။
ဒီဇာတ်လမ်းကိုတော့ အရှေ့မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ထားတာ ရှိခဲ့သော်လည်း အဆိုပါ ရုပ်ရှင်ဇာတ်ကားထဲမှ အပိုင်းဖြတ်လေး တဖြတ်မျှသာ ကြည့်ရသေးတယ်လို့ ဆိုပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဇာတ်ကားကို အပိုင်းလေးပဲ ကြည့်ရသေးတယ်။ ကိုခန့်စည်သူရယ်၊ မခိုင်သင်းကြည်၊ မခင်လေးနွယ်တို့ ရိုက်ထားတာပဲ ကြည့်ရသေးတယ်။ Youtube မှာ ရှာတာလည်း မတွေ့ဘူး။ အဲ့အပိုင်းလေး ကြည့်တာတောင် မခိုင်လေးက သူ့ယောကျ်ား ပြန်မလာလို့ သူ့သားလေး ဆုံးသွားလို့ ရူးသွားတာ။ အဲ့အပိုင်းလေးပဲ ကြည့်ရသေးတာ”
“ကိုယ့်အတွက်တော့ အရှေ့ကအပိုင်းတွေ မကြည့်ရသေးတာ အဆင်ပြေတယ်။ မဟုတ်ရင် အရမ်း Tension (စိုးရိမ်ပူပန်မှု) များမှာစိုးလို့။ ဝါရင့်သရုပ်ဆောင်တွေက သရုပ်ဆောင်ထားပြီး ကာရိုက်တာကလည်း စိတ်ဖိစီးမှုများတော့လေ”လို့ နန်းစန္ဒာလှထွန်းက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၂၀ မှာ ထုတ်လွှင့် ပြသသွားမှာဖြစ်ပြီး အခုလက်ရှိတော့ ရိုက်နေဆဲဖြစ်တဲ့အတွက် ကာရိုက်တာကို စီးမျောနေတယ်လို့ ဆိုပါတယ်။