Beauty Blogger အလုပ်အပြင် ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကား ၆ ကား ရိုက်ကူးပြီးပြီ ဖြစ်တဲ့ နေခြည်ဦးကတော့ သူပါဝင် သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားများဟာ ရိုက်ပြီးတဲ့အချိန် လပိုင်းအတွင်းမှာပဲ ရုံတင်ပြသတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နေခြည်ဦးက အခုလို ပြောပြခဲ့ပါတယ်။
“နေခြည်က ရုပ်ရှင်တွေ အများကြီး ရိုက်ရတဲ့ မင်းသမီးလည်း မဟုတ်ဘူး။ အခုမှ ရိုက်ထားတာ ၆ ကားပဲ ရှိသေးတယ်။ ဒါပေမယ့် နေခြည် ကံကောင်းတာက ကိုယ်နဲ့ပါတဲ့ မင်းသား၊ မင်းသမီးတွေက အကြီးကြီးတွေဆိုတော့ ချက်ချင်းတွေ ရုံတင်ရတာဆိုတော့ ကိုယ်ချပြချင်တဲ့ ဖက်ရှင်ကအစ စကားတွေလည်း ချက်ချင်းပြန်တက်တော့ ကိုယ့်အတွက် အရမ်းကောင်းတာပေါ့။ အလားတူပဲ ကိုယ်က သရုပ်ဆောင် မကောင်းရင် ပရိသတ်ဆီက Feedback ပြန်ကြားရတယ်”လို့ နေခြည်ဦးက ပြောပါတယ်။
ရိုက်ကူးရတဲ့ ရုပ်ရှင်ဇာတ်ကားများမှာတော့ နာမည်ကြီး ဝါရင့် မင်းသား မင်းသမီးများတဲ့ ပါဝင် သရုပ်ဆောင်ရတာကြောင့် သူမရဲ့ ရုပ်ရှင်ဇာတ်ကားများမှာ ရုံတင်တာ မြန်ရခြင်းဖြစ်ပြီး ချပြချင်တဲ့ အနုပညာကို ချက်ချင်းပြန်တက်တော့ အရမ်းကောင်းတယ်လို့ ဆိုပါတယ်။
ယခုလအတွင်းမှာလည်း ပိုစတာ ထွက်စဉ်ကတည်းက ဝေဖန်မှုများနဲ့ ကြုံတွေ့ရတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
“ဒီကားမှာက အရှေ့မှာ ၄ ကားလောက် ရိုက်ပြီးတဲ့အချိန် ကိုနေတိုးနဲ့ တွဲရမယ်ဆိုတော့ နေခြည် အရမ်းစိတ်လှုပ်ရှားနေတာ။ ရိုက်တဲ့အချိန်မှာလည်း နေခြည် အကောင်းဆုံး ပြင်ဆင်ခဲ့တယ်။ ပြင်ဆင်တယ်ဆိုတာ အပြင်မှာဆိုရင် နေခြည်ဦး ချေတယ်။ Brand တွေနဲ့ မီးပူဇောက်ထိုး မျိုးစုံပေါ့။ ဒီထဲမှာတော့ လိပ်ပြာကာရိုက်တာကို မရရအောင် ချိုးထားတယ်။ ဝတ်ပုံစားပုံ၊ မိတ်ကပ်က အစပေါ့ ချထားတာ။ ဘယ်ကားမှာမှ အဲ့လောက် မချဖူးဘူး။ အရှေ့ကားတွေဆိုရင်လည်း နေခြည့်ကို မိတ်ကပ်များတယ် ပြောကြတယ်”လို့ နေခြည်ဦးက ပြောပါတယ်။
အဆိုပါ “အခမ်းနားဆုံးမေတ္တာ”ရုပ်ရှင်ဇာတ်ကားကတော့ နေခြည်ဦးရဲ့ ပထမဆုံး အဓိက ဇာတ်ဆောင် မင်းသမီးတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပြီး ကာရိုက်တာကို စိတ်သွင်းကာ သေချာရိုက်ထားတယ်လို့ သိရပါတယ်။
“ကိုယ် ကိုယ်တိုင်ထက် လိပ်ပြာဆိုတဲ့ ကာရိုက်တာကို သွင်းထားတယ်။ ကိုနေတိုးကလည်း နေခြည့်ကိုအများကြီး Support ပေးတယ်။ ဒါရိုက်တာကလည်း နေခြည့် သူငယ်ချင်းဆိုတော့ ဒီကားလေးက နေခြည်တို့ကြည့်ပြီးတဲ့အချိန်မှာ အရမ်းအားရတဲ့ကားပါ။ အရင်ကားတွေလည်း အားရတယ်။ ဒါပေမယ့် ဒီကားမှာက ဇာတ်လမ်း ဇာတ်ကွက်တွေ၊ နေရာတွေ၊ အဝတ်အစား ဘာမှပြောစရာ မရှိအောင် သဘောကျတယ်။ ၁၇ ရက်နေ့ကျရင် ပရိသတ်ကြီးကို လာကြည့်ကြဖို့ ပြောချင်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။
မကြာခင်ရက်ပိုင်းက “အခမ်းနားဆုံးမေတ္တာ” ရဲ့ ဇာတ်ကားနမူနာ ထွက်ခဲ့ပြီး နေခြည်ဦးရဲ့ ပရိသတ်များကတော့ အများကြီး မျှော်လင့်နေကြတာကို တွေ့ရပါတယ်။
နေခြည်ဦး ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများဖြစ်တဲ့ “ရန်သူ” ၊ “ဒဏ္ဍာရီမိုး” ၊ “ပုရိသ” ရုပ်ရှင်ဇာတ်ကားများကိုတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့မှာတော့ “အခမ်းနားဆုံးမေတ္တာ” ကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။