ဆိုရှယ်မီဒီယာဆိုတာ ဒီနေ့ခေတ်မှာ ဘယ်သူမဆို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အရာပါ။ အနု ပညာရှင်တွေဆိုလည်း ပရိသတ်နဲ့ ထိတွေ့မှု ပိုရှိအောင် ကြားခံနယ် တခုအနေနဲ့ ချိတ်ဆက် အသုံးပြုနေကြတဲ့အချိန်မှာ ဆိုရှယ်မီဒီယာကို အသုံးမပြုတဲ့ ကိုရီးယားအနုပညာရှင်တွေ ရှိနေပါသေးတယ်။ ဘယ်လိုအကြောင်းတွေကြောင့် ဆိုရှယ်မီဒီယာကို သူတို့ အသုံးမပြုကြတာလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
Gong Yoo
အားလုံးသိပြီးသား မင်းသား Gong Yoo တယောက် ဆိုရှယ်မီဒီယာတွေကို မသုံးပါဘူး။ သူ့ကိုယ်စား အမာခံ ပရိသတ်တွေက ဖွင့်သုံးနေတဲ့ အကောင့်တွေတော့ ရှိပါတယ်။ “ကိုယ့် ကိုယ်ပိုင်ဘဝလေးကို Public ချပြလိုက်တာနဲ့ စိတ်ဝင်စား ခံရမယ်ဆိုပေမယ့် လွတ်လပ်ခွင့် အချို့တော့ ဆုံးရှုံးသွားမှာပါ။ ကျနော်ကတော့ ကိုယ်ပိုင်ဘဝကို ချပြရတာမျိုး မကြိုက်ပါဘူး”လို့ မင်းသား Gong Yoo က ဆိုပါတယ်။
Yoo Jae Suk
ကိုရီးယားတနိုင်ငံလုံးရဲ့ အချစ်တော် “Variety King” လို့ အသိအမှတ်ပြုကြတဲ့ Yoo Jae Suk ကလည်း သူဘယ်တော့မှ ဆိုရှယ်မီဒီယာကို စပြီး မသုံးဖြစ်ပါဘူးတဲ့။ လူတွေ ဆိုရှယ်မီဒီယာသုံးကြတဲ့အခါ ပျော်ဖို့ စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုပေမယ့် တကယ့် လက်တွေ့ဘဝကို မေ့လျော့ပြီး အဲ့ဒီအပေါ်မှာပဲ အချိန်ကုန်နေကြလို့ပါလို့ သူက ဆိုပါတယ်။
Park Hae Jin
နောက်ထပ် တယောက်ကတော့ မင်းသား Park Hae Jin ပါ။ သူကလည်း ဆိုရှယ်မီဒီယာသုံးပြီး လူသိပိုများ အောင် လုပ်နိုင်တယ်ဆိုပေမယ့် ကိုယ့်အတွက် ဆုံးရှုံးမှုက ပိုများလို့ မသုံးပါဘူးလို့ ဆိုပါတယ်။ နောက်ထပ် သူ စိုးရိမ်တဲ့အချက်က အမှန်ထက် ချဲ့ကားလွန်းတဲ့ သတင်းမှားတွေ ပြန့်လွယ်တာကြောင့် မသုံးဖြစ်တာလို့ ပြောခဲ့ဖူးပါတယ်။
Song Joong Ki
မင်းသား Song Joong Ki ကလည်း ဆိုရှယ်မီဒီယာ မသုံးတဲ့ အနုပညာရှင်တယောက်ပါ။ သူကို ဘာလို့ ဆိုရှယ်မီဒီယာ မသုံးတာလဲ မေးရင် “ကျနော်က နည်းပညာပိုင်းမှာ အားနည်းတယ်။ အဲ့ဘက်မှာ သိပ်မထူးချွန်ဘူး။ ဒါကြောင့် မသုံးဖြစ်တာ”လို့ ဖြေတတ်ပါတယ်။ ဒါပေမယ့်လည်း တချို့ကတော့ မင်းသားမှာ ကိုယ်ပိုင်သုံးဖို့အတွက် လူသိနည်းတဲ့ အကောင့်ရှိတယ်လို့ ဆိုနေကြပြန်ပါတယ်။
Kang Dong Won
“ကျနော့်မှာ Public ချပြစရာ များများစားစား မရှိပါဘူး”လို့ ဆိုသူကတော့ မင်းသား Kang Dong Won ပါ။ သူ့ရဲ့ ပင်ကိုယ်စရိုက်ကိုက အနေအေးပြီး စကားနည်းသူ တယောက်ပါ။ “လူတိုင်းမှာ စရိုက်တမျိုးစီ ရှိကြတယ်လေ။ ကျနော်ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ တခြားသူတွေနဲ့ ကောင်းကောင်း ပြောဆိုနိုင်မယ် မထင်ဘူး”လို့ သူက ဆိုပါတယ်။
Ref: Koreaboo