အနောက်တိုင်းရဲ့ နာမည်ကျော် ပုဂ္ဂိုလ်တဦးဖြစ်တဲ့ Kim Kardashian ရဲ့ ယူရို ၉ သန်း တန်ဖိုးရှိ လက်ဝတ်ရတနာတွေ ဓားပြတိုက်ခံရမှုနဲ့ ပတ်သက်တဲ့ ကမ္ဘာကျော် လက်ဝတ်ရတနာ လုယက်မှု ဖြစ်စဉ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ အပြည့်အစုံ ဖော်ပြထားတဲ့ စာမျက်နှာ ၁၃၀ ပါဝင်တဲ့ Fashion Week ဝတ္ထုကို ပြင်သစ်စာရေးဆရာနဲ့ ဒါရိုက်တာ Joann Sfar က ရေးသားခဲ့တာဖြစ်ပြီး အခုအချိန်အထိတော့ ပြင်ပကို ရောင်းချဖော်ပြခဲ့ခြင်း မရှိသေးဘူးလို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။
အမေရိကန် ရုပ်သံအစီအစဉ်စတား Kim ဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ ဖက်ရှင်သီတင်းပတ်မှာ ခေတ္တနေထိုင်ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ရှိတဲ့ ဇိမ်ခံအိမ် တလုံးမှာ သေနတ်နဲ့ ခြိမ်းခြောက်ခံခဲ့ရကာ ရေချိုးခန်းထဲမှာ ကြိုးနဲ့အချည်ခံခဲ့ရပြီး ပါးစပ်ကို အဝတ်နဲ့ ပိတ်ဆို့ခံခဲ့ရပါတယ်။
အဲ့ဒီ ဓားပြတိုက်မှုနဲ့ ပတ်သက်လို့ လူပေါင်း ၁၁ ယောက်ကို တရားစွဲဆိုခဲ့ပြီး အဲ့ဒီဖြစ်ရပ်ဟာ ပြင်သစ်နိုင်ငံမှာတော့ ဆယ်စုနှစ် နှစ်ခုအတွင်း လူပုဂ္ဂိုလ် တဦးတယောက်ထံမှ အကြီးမားဆုံး လုယက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နာမည်ကျော် ပြင်သစ် လူဆိုးဂိုဏ်းသားတွေကို အုပ်စုလိုက် ဖမ်းဆီးခဲ့ပေမယ့် လက်ဝတ်ရတနာ တခုကိုပဲ ပြန်ရှာတွေ့ခဲ့ပါတယ်။ ယူရို ၉ သန်းတန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေ ယူဆောင်သွားခံရတာ ဖြစ်ပါတယ်။
Kim နေထိုင်ခဲ့တဲ့ တိုက်ခန်းကနေ ထွက်ခွာခဲ့တဲ့ ဓားပြ ၅ ယောက်အဖွဲ့ထဲက တယောက်ကတော့ အခင်းဖြစ်ရာနေရာကနေ စက်ဘီးနဲ့ ထွက်ပြေးဖို့ ကြိုးစားနေစဉ်မှာပဲ ယူရို ၃ သောင်းတန်ဖိုးရှိပြီး စိန်နဲ့ လုပ်ထားတဲ့ လက်ဝါးကပ်တိုင်တခုပဲ ပြုတ်ကျ ကျန်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်အပြီး နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာမှ လမ်းသွာလမ်းလာတဦးက အဲ့ဒီအဖိုးတန်ပစ္စည်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
သံသယရှိသူ ဂိုဏ်းခေါင်းဆောင် အသက် ၆၁ နှစ်အရွယ် Aomar Ait Khedache ကတော့ Kim တယောက် Instagram မှာတင်ခဲ့ဖူးတဲ့ ၁၈ ဒဿမ ၈၈ ကာရတ်ရှိတဲ့ စိန်လက်စွပ် ဝယ်မယ့်သူကို တော်တော်လေး ရှာဖွေခဲ့ရတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောကြားခဲ့ပါတယ်။
အဲ့ဒီ တန်ဖိုးကြီးစိန်လက်စွပ်ကို Kim ရဲ့ ခင်ပွန်း Kanye West ကပေးထားခဲ့တာဖြစ်ပါတယ်။ Ait Khedache ရဲ့ အဆိုအရ အဲ့ဒီလက်စွပ်ဟာ အရမ်းမှတ်မိလွယ်တာကြောင့် အမည်ဖော်ပြမထားတဲ့ တတိယအဖွဲ့တခုဆီကို ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါရိုက်တာ Sfar ရဲ့အဆိုအရ ဖက်ရှင်လောကမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ Kim Kardashian ရဲ့ ဝင်ရောက်စီးနင်းခံရမှု ဖြစ်ရပ်ကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့ကတော့ ပျောက်ဆုံးနေတဲ့ ရတနာတွေကို ဆက်လက် ရှာဖွေနေဆဲဖြစ်ပြီး အဲ့ဒီလုယူခံခဲ့ရတဲ့ ပစ္စည်းတချို့ကို ဘယ်လ်ဂျီယမ်နိုင်ငံမှာ ရောင်းစားလိုက်ပြီလို့ ယုံကြည်ထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ Kim ရဲ့ အာမခံကုမ္ပဏီက စာချုပ်ချိုးဖောက်မှုနဲ့ ပတ်သက်လို့ သူ့ရဲ့ ကိုယ်ရံတော်ဟောင်း Pascal Duvier နဲ့ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီတို့ထံကနေ နစ်နာကြေး ဒေါ်လာ ၆ ဒဿမ ၁ သန်း ရလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
Ref:asiaone