Entertainment

အောက်တိုဘာလအတွက် အဖွင့်သီတင်းပတ် ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် "Joker" စံချိန်တင်

“Joker” ရုပ်ရှင်ဟာ ဟောလိဝုဒ် အနုပညာသမိုင်းမှာတော့ ပွဲဦးထွက်ပြသခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာပဲ ဒေါ်လာ ၉၅ ဒဿမ ၅ သန်း ရရှိခဲ့ပြီး အောက်တိုဘာလအတွက် ပွဲဦးထွက် ဝင်ငွေအများဆုံး စံချိန်ကို တင်လိုက်ပြီ ဖြစ်ပါတယ်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ၊ ပရိသတ် ကန့်သတ်ချက်နဲ့ ပြသတဲ့ R အဆင့် ရုပ်ရှင်ဖြစ်ပေမယ့် ဒါရိုက်တာ Todd Phillips ရိုက်ကူးထားတဲ့ လင်းနို့လူသား ဗီလိန်ဇာတ်ကောင် ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးကို ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလမှာ ရုံတင်ခဲ့တဲ့ “Venom” ရုပ်ရှင်ရဲ့ အဖွင့်သီတင်းပတ်စံချိန် ဒေါ်လာ သန်း ၈၀ ကို ကျော်လွန်ပြီး စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

“Joker” ရုပ်ရှင်ဟာ နိုင်ငံတကာ ဈေးကွက်မှာလည်း တော်တော်လေးကို နာမည်ကျော်ခဲ့ပါတယ်။ မင်းသား Joaquin Phoenix ဦးဆောင် ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်းဈေးကွက်တွေမှာ ဝင်ငွေ ဒေါ်လာ ၁၄၀ ဒဿမ ၅ သန်း ရရှိခဲ့တာကြောင့် ပထမဆုံး ဖြန့်ချိပြသတဲ့ သီတင်းပတ်မှာပဲ ဒေါ်လာ ၂၃၄ သန်း ရရှိခဲ့ပြီဖြစ်ပါတယ်။

ရုပ်ရှင်ရဲ့အကောင်းမြင် မှတ်ချက်တွေနဲ့ လူသတင်း လူချင်းဆောင်မှုကြောင့် ဒီရုပ်ရှင်ပေါ် စိတ်ဝင်စားမှု တိုးခဲ့တာ ဖြစ်တယ်လို့ Warner Bros မှ Jeff Goldstein က ဆိုပါတယ်။

Box Office Mojo မီဒီယာရဲ့ အဆိုအရ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုံဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့တဲ့ “Abominable” ရုပ်ရှင်ဟာ ဒေါ်လာ ၁၂ သန်းရရှိခဲ့ပြီ ဒုတိယနေရာကို ဆင်းသွားပြီဖြစ်ပါတယ်။

“Downton Abbey” ရုပ်ရှင်ကတော့ တတိယမြောက် ရုံတင်တဲ့ သီတင်းပတ်မှာပဲ ဒေါ်လာ ၈ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ “Hustlers” ရုပ်ရှင်ကတော့ ဒေါ်လာ ၆ ဒဿမ ၃ သန်းဝင်ငွေနဲ့ စတုတ္ထနေရာမှာ ရှိနေပြီး “It: Chapter Two” ရုပ်ရှင်ကတော့ ဒေါ်လာ ၅ ဒဿမ ၄ သန်း ရရှိထားပါတယ်။

“Joker” ရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့ တခြား သတင်းတပုဒ်မှာဆိုရင် ရဲတပ်ဖွဲ့က ခြိမ်းခြောက်မှုတခု ရရှိခဲ့တာကြောင့် ကယ်လီဖိုးနီးယားပြည်နယ်၊ Huntington Beach မှာရှိတဲ့ ရုပ်ရှင်ရုံ တရုံမှာတော့ ပြသမယ့် ပွဲချိန်တွေကို ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းမှာ ပြသမယ့် ပွဲစဉ်တွေကို ဖျက်သိမ်းလိုက်ပြီး အဲ့ဒီရုပ်ရှင်ရုံဆီ ရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်တနေ့မှာတော့ ပုံမှန် ပွဲစဉ်များအတိုင်း ရုပ်ရှင်တွေကို ပြသခဲ့တယ်လို့ သိရပါတယ်။

Ref: etcanada

Loading