အနုပညာ အလုပ်တွေ ပြန်လည် လုပ်ကိုင်နေပြီဖြစ်တဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ အပြင်မှာ ကိုယ်တိုင်သရဲ အခြောက်ခံရဖူးတယ်လို့ဆိုပြီး သရဲအခြောက်ခံရဖူးတဲ့ အမှတ်တရတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပြပါတယ်။
“အမျှ ဇာတ်ကားလေး လာအားပေးကြတာကတော့ သူငယ်ချင်းရဲ့ ထုတ်လုပ်ရေးတိုက်ကလည်း ဖြစ်တယ်။ အရမ်းခင်ရတဲ့ သူငယ်ချင်းလည်း ဖြစ်တာကြောင့် လာကြည့်ဖြစ်တာပါ။ အမျှ နှစ်ခုတည်းမလို့ စိတ်ဝင်စားနေတာ။ ဒါနဲ့ လာကြည့်ဖြစ်တာလည်း ပါတယ်။ ပရလောကဆိုတာ မယုံလို့လည်း မရဘူးလေ။ ရှိရင်လည်းရှိမှာပေါ့”
“ကျနော်တို့ ရုပ်ရှင် လောကကတော့ မရှိတာကိုလည်း ရှိအောင်တော့ ရိုက်ရတာပေါ့။ ကျနော်ကိုယ်တိုင်လည်း အပြင်မှာ အခြောက်ခံခဲ့ဖူးတယ်။ ရုပ်ရှင်ထဲကလို ဝါးလို့တော့ မဟုတ်ဘူးပေါ့။ တံခါးလေး ခေါက်တာတို့လောက်ပဲ ခြောက်ကြတာပါ”
“တခါကတော့ ကျနော် အသိတယောက် ကလေးမွေးလို့ ဆေးရုံသွားကြည့်တာ အပြန်မှာ ဓာတ်လှေကား စောင့်နေ တုန်းက ပုခုံးပေါ်လက်လာတင်တော့ အမေပေါ့။ နောက်ကို လှမ်းကြည့်တော့ အမေက အဝေးကြီးမှာ ဘယ်သူမှ မရှိတော့ အရမ်းလန့်သွားတယ်။ အဲ့ဒါကတော့ ကျနော် အခြောက်ခံဖူးတာပေါ့။ ကျနော်က သရဲတော့ မကြောက်တတ်ဘူး။ ထောင်ထဲမှာလည်း ၁၀ ပေလောက် တိုက်ထဲမှာ တယောက်တည်းနေရတာ။ မကြောက်ပါဘူး”လို့ မိုးအောင်ရင်က ပြောပါတယ်။
အဓိကနဲ့ သာမညကို အမြဲခွဲခြားပြီး လုပ်ကိုင်နေထိုင်တတ်တဲ့ မိုးအောင်ရင်က မိဘတွေက ငယ်စဉ်ကတည်းက ဘုရားတရားကို မမေ့ဖို့ သင်ကြားပေးတယ်လို့ ဆိုပါတယ်။
“ဘာသာရေးလုပ်ဖို့တော့ လူငယ်တွေကို အရမ်းတိုက်တွန်းလို့မရဘူး။ ကျနော်ကိုယ်တိုင်လည်း အရင်ကတည်းက မိဘတွေ ရိုက်သွင်းထားလို့ တနှစ်ကိုတော့ တကြိမ်အမေက ဘုန်းကြီး ဝတ်ခိုင်းတယ်။ အဓိက ကိုယ့်စိတ်က မှန်နေဖို့ အဓိကပါပဲ။ တချို့အရာတွေက ဘုရားသွားပြီး ကုသိုလ်ကောင်းမှုတွေ လုပ်မှ ကုသိုလ်ကောင်းမှု ဖြစ်သွားတာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲကလည်း အာလုံးကို မေတ္တထားရင် ကိုယ်လည်း မေတ္တာ ပြန်ရနေမှာပါပဲ”
“ကျနော် ဘယ်သူ့ကိုမှ မမုန်းဘူး။ ထောင်ကျ တုန်းကလည်း တချို့ကရဲတွေကို အပြစ်မြင်ကြတယ်။ ကျနော်ဆို ဘယ်သူ့မှ အပြစ် မမြင်ဘူး။ ကျနော် မူးယစ်ဆေးဝါးကြောင့် ဒီလိုဖြစ်တာ မူးယစ်ဆေးကို အရမ်းမုန်းလိုက်တယ်။ အဓိကနဲ့ သာမညကိုပဲ ခွဲပြီး အဓိကကိုပဲ ကျနော် မုန်းလိုက်တယ်”လို့ မိုးအောင်ရင်က ပြောပါတယ်။
မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပြီး အဆိုတော် အောင်ရင်ရဲ့သား ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့တဲ့ မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
You May Also Like These Stories:
မိသားစုအပေါ် လွမ်းတဲ့စိတ် မေ့ထားပြီး အလုပ်တွေ ကြိုးစားနေတဲ့ မိုးအောင်ရင်
“မိသားစုကို ဒုက္ခပေးခဲ့ရတဲ့အတွက် နောင်တရလို့ မဆုံးပါဘူး”လို့ မိုးအောင်ရင် ပြော