ဇာတ်လမ်းတွဲတွေမှာ ကျရာနေရာကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မြတ်သူသူဇင်က “တတိမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲမှာ အမှတ်တရတွေ ရှိသလို ဒဏ်ရာရရှိခဲ့တဲ့အတွက် ကျောက်ပတ်တီးလည်း စီးခဲ့ရတယ်လို့ ဆိုပါတယ်။
“တတိယမြောက်ဆုံမှတ်ကို ပရိသတ်တွေ အားပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ အရမ်းလည်း အားပေးကြလို့ မြတ်သူတို့ တဖွဲ့လုံး ဝမ်းသာရပါတယ်။ ဒီကားကို အရမ်းအပင်ပန်းခံပြီး ရိုက်ခဲ့ရတယ်။ မြတ်သူတို့က ပရိသတ်အားမပေးမှာကို စိုးရိမ်ခဲ့တာကြောင့် တတ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့တယ် ဆိုပေမယ့် လိုအပ်ချက်တွေလည်း ရှိပါတယ်”
“ဒီလို လိုအပ်ချက်တွေ ရှိတယ်ဆိုပေမယ့် အားပေးကြတော့ အရမ်းဝမ်းသာရပါတယ်။ ဒီဇာတ်ကားအတွက် မြတ်သူတို့က ဇာတ်ကား မရိုက်ခင်ကတည်းက Training ၆ လလောက် ဝင်ခဲ့တယ်။ ဇာတ်ကောင်နဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေကို ခိုင်မာအောင် အများကြီး ပြင်ဆင် လေ့ကျင့်ခဲ့ရပါတယ်။ ဒီကားက အက်ရှင်ကားဆိုတော့ တခြားကားတွေထက် အခက်အခဲတွေ အများကြီး ရှိခဲ့တယ်”
“Training လုပ်နေတုန်းလည်း လက်ကျောက်ပတ်တီး ကိုင်ရတယ်။ ခြေဆစ် လည်သွားလို့ပါ။ ဒဏ်ရာအနာတွေ အများကြီးရတာတော့ အမှတ်တရပေါ့။ ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာတခုကို လုပ်ခွင့်ရခဲ့အတွက် ကျေနပ်ပါတယ်”လို့ မြတ်သူသူဇင်က ပြောပါတယ်။
ဇာတ်လမ်းတွဲတွေအပြင် ဇာတ်ကားကြီးတွေ ကမ်းလှမ်းလာရင်လည်း ရိုက်ကူးချင်တယ် ဆိုတဲ့ မြတ်သူသူဇင်က အားပေးနေတဲ့ ပရိသတ်တယောက်ချင်းစီကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“လတ်တလော အနုပညာလှုပ်ရှားမှုကတော့ မြတ်သူ ရှိူးလေးတွေ လျှောက်ဖြစ်တယ်။ ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ ကြော်ငြာလေးတွေ လက်ခံထားတယ်။ နောက် ဇာတ်လမ်းတွဲသစ် ဖြစ်တဲ့ “တို့ မမနဲ့ တို့” ဆိုတဲ့ ကားလေး ရိုက်ဖို့ ရှိတယ်။ ဇာတ်ကားကြီးတွေ ရိုက်ဖို့ ကမ်းလှမ်းလာရင်လည်း အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ”
“မြတ်သူတို့ ဇာတ်လမ်းတွဲ ရိုက်တဲ့သူတွေက ရုံကြီးကား ရိုက်တဲ့သူတွေနဲ့လည်း အဆက်အသွယ် မရှိဘူး။ လာကမ်းလှမ်းချိန်မှာလည်း ကားရိုက်နဲ့ နယ်ရောက်နေလို့ လက်လွှတ်လိုက်ရတာတွေလည်း ရှိတယ်။ အကယ်လို့ ကားကြီးတွေ ကမ်းလှမ်းလာရင်လည်း ရိုက်ကူးသွားမှာပါ။ မြတ်သူကတော့ ကျရာနေရာမှာ အကောင်းဆုံး ရိုက်ကူးသွားမှာပါ”
“ဒါပေမယ့် တချို့ ကာရိုက်တာတွေ ကမ်းလှမ်းလာရင် Forever Group သိက္ခာကျစေမယ့် ကာရိုက်မျိုး ဆိုရင်တော့ ပြန်စဉ်းပြီးမှ လက်ခံမှာပါ။ မြတ်သူကို အားပေးနေတဲ့ တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ အခုထက်လည်း ပိုကြိုးစားပါ့မယ်။ လိုအပ်ချက်တွေလည်း ဝေဖန်ပါ၊ ထောက်ပြပါလို့။ နောက်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေလည်း အားပေးဦးလို့”လို့ မြတ်သူသူဇင်က ပြောပါတယ်။
မြတ်သူသူဇင်ကတော့ အနုပညာလောကထဲ ဝင်ရောက်ခဲ့တာ အချိန်ကာလတခု ကြာခဲ့ပြီ ဖြစ်ပေမယ့် “ပျားရည်အိုင်” ဇာတ်လမ်းတွဲထဲက “မြညို” ကာရိုက်တာနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့ပြီး ဇာတ်လမ်းတွဲများလည်း ဆက်တိုက် ရိုက်ကူးလျက် ရှိပါတယ်။
You may also like these stories:
မင်္ဂလာဆောင်ဖို့ စိတ်ကူးယဉ်ထားတာ မရှိဘူးလို့ ပြောတဲ့ မြတ်သူသူဇင်
စာသင်တဲ့အလုပ် လုပ်ကိုင်ရာကနေ သရုပ်ဆောင် ဖြစ်လာတဲ့ မြတ်သူသူဇင်
မဏိစန္ဒာအဖြစ် သရုပ်ဆောင်ခဲ့ရတာ တာဝန်ကြီးတယ်လို့ ဝါဆိုမိုးဦး ပြော
နမ်းတဲ့ ဇာတ်ဝင်ခန်းတွေရိုက်ပြီး ကြိတ်ငိုခဲ့ရတဲ့ မြိုင်(သို့မဟုတ်) မေမီကိုကို