အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို အောက်တိုဘာ ၇ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်က ရန်ကုန်မြို့၊ မြန်မာပလာဇာ အပြင်ဘက်ရှိ ကော်ဖီဆိုင်မှာ ထိုင်နေစဉ် မူးယစ်ရဲတပ်ဖွဲ့စု (၄၀) မှ သတင်းအရ သွားရောက် ဖမ်းဆီးခဲ့ပြီး ယခုအခါ သူတို့ ၃ ဦးကို ဗဟန်းမြို့နယ် တရားရုံးမှာ ဥပဒေ ပုဒ်မ ၁၉ (က)/၂၁ ဖြင့် တရားစွဲဆိုထားပါတယ်။ ဖြိုးပြည့်စုံ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အနုပညာရှင်များက အခုလိုပဲ ဆိုထားကြပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်
“ကိုဖြိုးတို့ကို ကျမတို့ ၂၀၁၅ လောက်ကတည်းက ခင်ခဲ့တယ်။ ကိုဖြိုး အနုပညာအလုပ်ကို ကြိုးစားတယ်။ သူက ဂီတကို အရမ်းကြိုးစားတယ်။ အခုလည်း အသံအိုးနဲ့ ပတ်သက်ပြီး ထိခိုက်မှု ရှိထားတော့ ဆရာဝန်က ၃ လလောက် နားစေချင်နေတယ် ၂၁ ရက်၊ ၂၂ ရက်ဆိုရင် ဘန်ကောက်ကို ဆေးရုံ ပြန်ပြရမယ်။ အဲ့အချိန်မှာ တရားစခန်းဝင်မယ်လို့ ကျမကို ပြောတယ်”
“ဖြိုးပြည့်စုံက အနုပညာသမားထဲမှာ လိမ္မာပြီး ကျေးဇူးတရား သိတတ်တဲ့သူပေါ့။ အခုလို ဖြစ်တာတော့ အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ အားလုံးသိကြတဲ့အတိုင်း အထင်မှားမှုတခုလို့ ထင်တယ်ပေါ့။ အဖြေမှန်တခု အမြန်ဖြစ်ပါစေ”လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
အဆိုတော် ကော်နီ
“ဒီကလေး ဖြူစင်တာ ကျမတို့ တလောကလုံးက သိပါတယ်။ ရင်ထဲတော်တော် မကောင်းနေဘူး။ ကြောက်စရာကောင်းလိုက်တဲ့ စိတ်တွေ။ တဖက်လူ ဘာမှန်း မသိဘူး။ ရေးလိုက်ကြတာ။ ကိုယ်ချင်းစာစိတ်တွေ မရှိကြတာ အံ့သြလို့ မဆုံးဘူး။ ရင်ထဲ တော်တော် ခံပြင်းမိတယ်။ တရားကို နတ်စောင့်ပါတယ်”လို့ အဆိုတော် ကော်နီက သူ့ရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။
အဆိုတော် နီနီခင်ဇော်
“ကိုဖြိုးကို စိတ်ပူပေးကြတဲ့သူများ အားလုံး ခဏအချိန်ကလေး စောင့်ပြီး တိကျတဲ့ ဆေးစစ်ချက် အဖြေတွေ ထွက်လာတဲ့အထိ စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ။ အမှန်တရားကို စောင့်နေပါတယ်။ အစ်ကို့ကို ယုံကြည်ရင်း အကောင်းဆုံး ဆုတောင်းပေးပါ”လို့ အဆိုတော် နီနီခင်ဇော်က ဆိုထားပါတယ်။
အဆိုတော် ဇွဲပြည့်
“ဖြိုးပြည့်စုံက ဒီလိုလူမျိုးလည်း မဟုတ်ပါဘူး။ သူက သူ့ဘာသာနေတာ များတယ်။ အပေါင်းအသင်း အရမ်းများတယ်။ သူပေါင်းတဲ့ သူတွေထဲမှာ ဆိုးသွမ်းတဲ့သူ မပါဘူး။ သူက ပိုပြီးတော့တောင် ကျနော့်ထက် အသိပညာရှိတဲ့ ဆရာဝန်တယောက်ပါ။ သူ့ကျောက်ကပ် သိပ်မကောင်းတာရယ်။ အစာအိမ် မကောင်းတာရယ်၊ နောက် လည်ချောင်းဖြစ်နေလို့ ဆေးကုနေတာလို့ ကျနော်တို့ သိထားတာ”
“ပျော်ပျော်နေတတ် သူတယောက်ပါ။ ဝါတွင်းတောင် ဘီယာ၊ အရက် ရှောင်တဲ့သူပါ။ အသေချာ သိရမှသာ ပြောကြပါ။ ကျန်တဲ့သူတွေကိုတော့ လူတွေ မသိကြဘဲ လူသိတဲ့ သူတယောက် နာမည်ကိုပဲ ခေါင်းစဉ်တပ်ကြတော့ အကြာကြီး တည်ဆောက်ထားရတဲ့ သူနာမည်လေး နာရီပိုင်းအတွင်း ကျသွားတဲ့ သိက္ခာတွေအတွက် စိတ်တော့ မကောင်းဘူး”လို့ အဆိုတော် ဇွဲပြည့်က ဆိုထားပါတယ်။
အဆိုတော် ဖြိုးပြည့်စုံဟာ ဂီတလောကထဲကို Melody World 2010 သီချင်းဆိုပြိုင်ပွဲကနေတဆင့် စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်ပထမဆုံး တကိုယ်တော် တေးစီးရီးဖြစ်တဲ့ “မျှော်နိုင်သမျှ” Audio CD ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒုတိယမြောက် အခွေကိုတော့ ပြင်ဆင်နေတုန်းပဲလို့ သိရပါတယ်။
You may also like these stories:
ဖြိုးပြည့်စုံအား စွဲဆိုထားသည့်အမှု ထောင်ဒဏ် ၁၀ နှစ်မှ အကန့်အသတ် မရှိ ချမှတ်နိုင်
“မူပိုင်ခွင့်အရ ခွင့်တောင်းပြီး သီချင်းတွေ ပြန်ဆိုရင် ကြည်ဖြူပါတယ်”လို့ ဖြိုးပြည့်စုံ ပြော