ကမ္ဘာကျော် ကွန်ဖူးမင်းသား ဘရုစ်စလီနေထိုင်ခဲ့တဲ့ အိမ်ကြီးကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆယ်စုနှစ်ကျော်ကြာ ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် အခုတော့ အဲ့ဒီအိမ်ကြီးကို ဖြိုချ ဖျက်ဆီးလိုက်ပြီ ဖြစ်ပါတယ်။ Kowloon Tong အရပ်က Cumberland Road မှာရှိတဲ့ နှစ်ထပ်အိမ်ကြီးကို ဖြိုချဖျက်ဆီးတဲ့ လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။
အဲ့ဒီအိမ်ကြီးကို ပိုင်ဆိုင်တဲ့ Yu Panglin Charitable Trust အဖွဲ့ရဲ့ စီမံခန့်ခွဲရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Joey Lee Man-lung က အိမ်ကြီးကို ထိန်းသိမ်းဖို့ အစိုးရထံကနေ အဆိုပြုချက်အသစ်တွေကို သူတို့ အဖွဲ့က လက်ခံရရှိခဲ့တာ မရှိခဲ့လို့ အိမ်ကို ထိန်းသိမ်းဖို့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တာကို စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက အဲ့ဒီအဖွဲ့ရဲ့ အဆိုအရ မန်ဒရင်းတရုတ်ဘာသာနဲ့ ဂီတသင်တန်းတွေ ပေးဖို့ တရုတ်စာသင်ကြားရေး ဗဟိုဌာနတခုအဖြစ် အိမ်ကြီးကို အသွင်ပြောင်းဖို့ စီစဉ်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ အိမ်ကို မဖြစ်မနေ ပြုပြင်ထိန်းသိမ်းမှ ဖြစ်တော့မယ့် အိမ်တည်ဆောက်မှုပိုင်း ဆိုင်ရာ ပြဿနာတွေကို တွေ့ရှိခဲ့ပြီးတဲ့နောက် အိမ်ကို ဖြိုချပစ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ကနေ ငှားရမ်းထားခဲ့တဲ့ အကြံပေးရဲ့ ပြောဆိုချက်အရ ကွန်ကရစ် ထုပ်တန်းတွေမှာ အနာအဆာ ပျက်စီးမှုတွေဖြစ်ပေါ်နေတဲ့ ကွန်ကရစ် ကျိုးပဲ့မှုတွေကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ကွန်ကရစ်အခြေအနေက အတော်လေးကို ဆိုးရွားနေပြီလို့ အခြေအနေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။
အကြံပေးရဲ့ သတင်း အချက်အလက်တွေအရ စတုန်းရန်မီတာ ၆၀၀၀ နီးပါးလောက်ကျယ်တဲ့ အဲ့ဒီအိမ်ကြီးအတွက် ပြန်လည်ပြင်ဆင်ခနဲ့ ပြုပြင်ခဟာ ဟောင်ကောင်ဒေါ်လာ သန်း ၂၀ လောက် ကျသင့်မှာ ဖြစ်ပြီး အဲ့ဒီပမာဏဟာ အဆောက်အဦကို ဖြိုချပြီး အသစ်တခုနဲ့ အစားထိုးတဲ့ ကုန်ကျစရိတ်နဲ့ ညီမျှနေတယ်လို့် ဒုဥက္ကဋ္ဌ Joey Lee က ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ပြောဆိုချက်အရ အဲ့ဒီအဆောက်အဦသစ် ဆောက်လုပ်တဲ့ လုပ်ငန်းတွေဟာ လာမယ့်နှစ် သြဂုတ်လမှာ ပြီးစီးလိမ့်မယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ မင်းသား ဘရုစ်လီဟာ သူမွေးဖွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို အသက် ၁၈ နှစ်မှာ မပြန်ခင် ကလေးဘဝတုန်းက ဟောင်ကောင်မှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။
သူဟာ ကိုယ်ခံပညာရပ်တွေကို သင်ကြားပေးခဲ့ပြီး ရုပ်ရှင်တော်တော်များများမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ အသက် ၃၂ နှစ်အရွယ် ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှာ ရုတ်တရက် မကွယ်လွန်မီ Kowloon Tong က အိမ်ကြီးမှာ မိသားစုနဲ့အတူ အသက်ဆုံးတဲ့အထိ နေထိုင်ခဲ့တာဖြစ်ပါတယ်။
Ref:asiaone
You may also like these stories:
ဟောင်ကောင် ရဲတပ်ဖွဲ့ဘက်ကနေ Liu Yifei ရပ်တည်ခဲ့တာကြောင့် “Mulan” ရုပ်ရှင် သပိတ်မှောက်ခံရ
ဟောင်ကောင် ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ မှတ်ချက်ကြောင့် ဂျက်ကီချန်း ဝေဖန်ခံရ
ဆန္ဒပြပွဲတွေကြောင့် မကြာခင်ပြုလုပ်မယ့် မွေးနေ့ပွဲကို ဖျက်သိမ်းလိုက်တဲ့ ဟောင်ကောင်မင်းသား Andy Lau