ကက်တမင်းလို့ခေါ်တဲ့ မူးယစ်ဆေးဝါး ၁၀ ပြားနဲ့အတူ လက်ဝယ်ဖမ်းမိတဲ့ အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ဗဟန်းမြို့နယ် တရားရုံးမှ ဥပဒေ ပုဒ်မ ၁၉ (က)/ ၂၁ ဖြင့် တရားစွဲဆိုထားပြီး အဆိုပါ အမှုအတွက် ထောင်ဒဏ် ၁၀ နှစ်မှ နှစ် အကန့်အသတ် မရှိ ချမှတ်နိုင်တယ်လို့ ဗဟန်းမြို့နယ် တွဲဖက်တရားသူကြီး ဦးစောထွန်းအေးက ပြောပါတယ်။
“ရမန် ကာလကတော့ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့ကို ကျနော်တို့ ရမန်ပေးထားပါတယ်။ ပြစ်ဒဏ်ကာလ ဘယ်လောက်ရှိလဲ ဆိုတာကတော့ ပြစ်မှုကျူးလွန်တာ ထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ ထောင်ဒဏ် အကန့်အသတ် မရှိ ချမှတ်နိုင်ပါတယ်”လို့ ဗဟန်းမြို့နယ် တွဲဖက်တရားသူကြီး ဦးစောထွန်းအေးက ပြောပါတယ်။
ဖြစ်စဉ်ကတော့ အောက်တိုဘာလ ၇ ရက်နေ့က မူးယစ်ဆေးဝါး သတင်းပေးချက်အရ မူးယစ်တပ်ဖွဲ့ ၄၀ မှ မြန်မာပလာဇာရှိ Gloria Jean’s ကော်ဖီဆိုင်မှာ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အဆိုတော် ဖြိုးပြည့်စုံရဲ့ ကားနောက်ခန်း အတွင်းမှာ ရှိတဲ့ ကျောပိုးအိတ်ထဲကနေ ကက်တမင်းလို့ခေါ်တဲ့ (ဝ.၄ ဂရမ်) လေးတဲ့ ဆေးပြား ၁၀ ပြားနဲ့ iPhone များကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ကားနောက်ခန်းထဲကို ရှာတဲ့အခါမှာ ကျောပိုးအိတ်ကို တွေ့တယ်။ ကျောပိုးအိတ်ထဲမှာတော့ ကက်တမင်းလို့ ခေါ်တဲ့ အလေးချိန် (ဝ.၄ ဂရမ်) ရှိတဲ့ မူးယစ်ဆေးပြား ၁၀ ပြားတွေ့တယ်။ ဖြိုးပြည့်စုံရဲ့ မှတ်ပုံတင်တွေ့တယ်။ နောက်ပြီး iPhone ၁ လုံး တွေ့တယ်။ ချမ်းငြိမ်းကိုရဲ့လက်ထဲမှာလည်း iPhone ၁ လုံး ၊ ရော်နီစန်းလွင်ရဲ့လက်ထဲမှာလည်း iPhone ၁ လုံးတွေ့ တယ်။ အဲ့လိုတွေ့လို့ဆိုပြီး သူတို့ ၃ ယောက်ကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ နဲ့ တရားစွဲဆိုထားတာပါ” လို့ ဗဟန်းမြို့နယ် တွဲဖက်တရားသူကြီး ဦးစောထွန်းအေးက ပြောပါတယ်။
အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကိုတော့ မူးယစ်ဆေးဝါးတပ်ဖွဲ့ ၄၀ မှ တပ်ဖွဲ့စုမြောက်ပိုင်း ဒုရဲအုပ် ဝေဖြိုးဦးက တရားလို ပြုလုပ်တိုင်ကြားထားပြီး အမှုစစ်ကတော့ ဒုရဲအုပ်မျိုးမင်း ဖြစ်ပါတယ်။ သူတို့ ၃ ဦးကိုတော့ ဗဟန်းမြို့မ ရဲစခန်းမှာ (ပ) ၄၄/၂၀၁၉ ၊ မူး/ စိတ်ပုဒ်မ ၁၉(က) ၂၁ ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အောက်တိုဘာလ ၇ ရက်နေ့မှ ၂၁ရက်နေ့ထိ ရမန်ကာလ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။ ဖြိုးပြည့်စုံအနေနဲ့လည်း ယခုလက်ရှိ ဖမ်းမိထားတဲ့ ဆေးပြားများဟာ ထိုင်းနိုင်ငံမှ ဝယ်ယူလာတဲ့ ဆေးပြားများ ဖြစ်တယ်လို့ အောက်တိုဘာလ ၇ ရက်နေ့ညက ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။