ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်ဟာ သူ့အတွက် နောက်ထပ် ရုပ်ရှင်တကားကို ဖန်တီးနေပြီဖြစ်ပြီး အဲ့ဒီရုပ်ရှင် အသစ်ဟာ လူကြိုက်များနိုင်တယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တဲ့ “Zero” ရုပ်ရှင်ပြီးတဲ့နောက် ဘာရုပ်ရှင်ကိုမှ မရိုက်ကူးသေးတဲ့ အသက် ၅၃ နှစ်အရွယ် မင်းသား ခန်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့တုန်းက သူ့ကိုချစ်မြတ်နိုးကြသူတွေ၊ Twitter ပေါ်က Follower တွေနဲ့ အမေးအဖြေ အစီအစဉ်တခုကို ပြုလုပ်ခဲ့ပါတယ်။
နောက်ထပ် ရုပ်ရှင်အသစ်ကို ဘယ်အချိန်လောက်မှာ ရိုက်ကူးမှာလဲ ဆိုတဲ့မေးခွန်းကို မင်းသားက ဇာတ်ညွှန်းတွေ အတွက် ပြင်ဆင်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ မင်းသားက “ပြင်ဆင်နေပါပြီ။ ပစ္စည်းတွေ ရဖို့အတွက်တော့ အချိန်တချို့တော့ ယူရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ဘယ်လိုမျိုး ရုပ်ရှင်အမျိုးအစားကို ထုတ်လုပ်မှာလဲဆိုတဲ့ မေးခွန်းကိုတော့ မင်းသားက “လူကြိုက်များမယ့် အမျိုးအစားလို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
“Dhoom” လိုမျိုး နာမည်ကျော်အက်ရှင် သည်းထိတ်ရင်ဖိုရုပ်ရှင်ရဲ့ စတုတ္ထမြောက် ဇာတ်လမ်းအတွက် အလုပ်လုပ်နေပြီ လားဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ သူလည်း အဲ့ဒီသတင်းတွေကို ကြားမိတဲ့အကြောင်း၊ ပိုပြီးတော့ သိရမယ်ဆိုရင် ပြောပြမယ်လို့ မင်းသားက ပြောဆိုခဲ့ပါတယ်။
လတ်တလောမှာ နာမည်ကြီးနေတဲ့ “Joker” ရုပ်ရှင်ထဲက မင်းသား Joaquin Phoenix ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ မင်းသားက တော်တော်လေးကို ထူးခြားကောင်းမွန်ပြီး အသံတိတ်အော်ဟစ်ရတဲ့ ခံစားချက်မျိုး ခံစားခဲ့ရတဲ့အကြောင်း ပြောဆိုပါတယ်။
နောက်ပြီးတော့ မင်းသားက သူ ရေးသားဖန်တီးနေတာ နှစ်နဲ့ ချီပြီဖြစ်တဲ့ သူ့ရဲ့ ကိုယ်တိုင်ရေးစာအုပ်ကို အပြီးသတ်နိုင်အောင် ကြိုးစားမယ့်အကြောင်းလည်း ကတိပေးခဲ့ပါတယ်။ ဘောလိဝုဒ် ဘုရင်လို့ တင်စားကြတဲ့ မင်းသား ရှာရွတ်ခန်ဟာ ရုပ်ရှင်ပေါင်း ၈၀ ကျော် ရိုက်ကူးခဲ့သူဖြစ်ပြီး Flimfare ဆုပေါင်း ၁၄ ဆု ရရှိထားသူ ဖြစ်ပါတယ်။
အိန္ဒိယအစိုးရရဲ့ အရပ်သားတွေအပေါ် ချီးမြှင့်တဲ့ စတုတ္ထမြောက် အမြင့်ဆုံး ဂုဏ်ပြုဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ချစ်ကြတဲ့ ပရိသတ်အရေအတွက်နဲ့ ဝင်ငွေကြောင့် မင်းသားဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ရုပ်ရှင်စတား တဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
Ref: ptinews