နှစ်စဉ် သီတင်းကျွတ်တိုင်းမှာ ကျင်းပနေကျဖြစ်တဲ့ ရေကျော်ပွဲဈေးမှာ မိန်းကလေး ပရိသတ်များစွာ ကြိုက်နှစ်ကြတဲ့ သရုပ်ဆောင် အောင်ရဲထိုက်က သူ့ရဲ့မိခင်ဆိုင်မှာ စားပွဲထိုးလုပ်ရင်း ပွဲဈေးကျင်းပမယ့် ၅ ရက်လုံးရှိနေမယ်လို့ ပြောပါတယ်။
“သီတင်းကျွတ်ကတော့ ရေကျော်မှာ နှစ်တိုင်းလုပ်နေကျဖြစ်တဲ့ အမေကြီးဆိုင်မှာ စားပွဲထိုးလုပ်မယ်။ လာစားပါလို့ ၄၉ လမ်းထိပ်မှာ ရှိပါမယ်။ ကျနော်တို့ ဆိုင်လေးကတော့ ၄၉ လမ်း ဗိုလ်ချုပ်ထိပ်မှာ ရှိပါတယ်။ ဆိုင်နာမည်က ခင်ဝိုင်းချစ်ပါ။ သင်္ဘောသီးထောင်း ရပါတယ်။ ကြာဆံချက် ရပါတယ်။ လာစားပါ။ ကျနော်လည်း ရှိပါတယ်။ လူတိုးနိုင်ရင်တော့ လာခဲ့ပါ။ ခင်ဝိုင်းချစ်ဆိုင်သာ လာခဲ့ပါ။ အကုန်ရစေရမယ်” လို့ အောင်ရဲထိုက်က ပြောပါတယ်။
တနှစ်ပတ်လုံး ဝါသနာပါတဲ့ အနုပညာအလုပ်များကိုလုပ်ပြီး သီတင်းကျွတ်ဆိုရင်တော့ မိခင်ဖြစ်သူကို သွားရောက် ကူညီတယ်လို့ သိရပါတယ်။
“ကျနော်က အမေကြီးဆိုင်မှာ စားပွဲထိုးလုပ်တာ။ ကျနော်က တနှစ်လုံးက ကျနော်လုပ်ချင်ရာ ကျနော် လုပ်တယ်။ သီတင်းကျွတ်တော့ အမေကြီးကို ပြန်ကူတယ်။ ကျနော် ပျော်တယ်။ ကျနော် တနှစ်လုံးမှာ အမေ့ကိုမကူညီဘဲနဲ့ ကျနော်လုပ်ချင်တဲ့ အနုပညာအလုပ်တွေပဲ ကျနော်လုပ်တယ်”
“တနှစ်လုံးမှာမှ ဒီ ၅ ရက်လေးပဲ ကူညီခွင့် ရတယ်။ အဲဒါပဲ ကူညီချင်တဲ့စိတ်ပဲ။ ကျန်တာတော့ မရှိဘူး။ အမေ့ကိုတော့ များများစားစားတော့ မလုပ်ပေးနိုင်သေးပါဘူး” လို့ အောင်ရဲထိုက်က ပြောပါတယ်။
နှစ်တိုင်း မိခင်ဖြစ်သူကို ဝိုင်းကူကာ ဈေးရောင်းပေးခဲ့တဲ့ အချိန်အတွင်းမှာတော့ တနှစ်ထက်တနှစ် ပရိသတ်ပိုသိလာတာနဲ့အမျှ ပိုပြီးရောင်းအားကောင်းလာခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ ရေကျော် သီတင်းကျွတ် ပြန်လုပ်တဲ့နှစ်က စပြီးတော့ စားပွဲထိုး လုပ်ပေးတယ်။ နှစ်တိုင်းတော့ လူနည်းနည်းလေး သိလာတော့ ချစ်တဲ့ပရိသတ်တွေ လာအားပေးတဲ့အတွက် ပိုပြီးရောင်းအားကောင်းတာပေါ့” လို့ အောင်ရဲထိုက်က ပြောပါတယ်။
ဆက်လက်ပြီး “ပရိသတ်တွေ အုံနေလည်း မေတ္တာရပ်ခံရတာပဲ။ ကျနော်ဈေးလေး ရောင်းချင်လို့ပါဆိုပြီး ပြောရတာပဲ။ ဓာတ်ပုံရိုက်ချင်လည်း ရိုက်ကြပေါ့။ ပြီးရင်တော့ မုန့်ဝယ်စားပါပြောရတယ်” ပြောပါတယ်။
အောင်ရဲထိုက်ကိုတော့ ပရိသတ်များက “ည” ရုပ်ရှင်ဇာတ်ကားဖြင့် သတိထားမိခဲ့ကြပြီးတဲ့နောက်မှာတော့ “မီ” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်များထပ်မံရရှိခဲ့ပြီး လက်ရှိမှာလည်း MRTV-4 မှာပြသလျက်ရှိတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ထားပါတယ်။
မကြာခင်မှာလည်း Canal+ ဇာတ်လမ်းရုပ်သံလိုင်းက ပြသမယ့် “လိပ်ပြာ” ဇာတ်လမ်းတွဲမှာလည်း ရဲတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
သီတင်းကျွတ်ကာလ ရန်ကုန်မြို့မှာ လည်ပတ်စရာ ပွဲများ
ထိုင်းနိုင်ငံမှာ သီတင်းကျွတ်လပြည့်နဲ့ လပြည့်ကျော် ၁ ရက်နေ့ အရက်ရောင်းချမှုကို တားမြစ်မည်