ကမ္ဘာကျော်မင်းသားကြီး ဂျက်ကီချန်းဟာဆိုရင် သူသရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်တကားမှာပဲ အဓိက ဇာတ်ကောင်အဖြစ် ထပ်မံ ပါဝင်လာဖို့ အခွင့်အရေးနဲ့ နီးစပ်နေပြီ ဖြစ်ပါတယ်။
အသက် ၆၅ နှစ် အရွယ်ရှိဖြစ်သလို နာမည်ကျော် ကိုယ်ခံပညာရှင် တဦးလည်းဖြစ်တဲ့ ဂျက်ကီချန်းကိုယ်တိုင်ကလည်း အကယ်၍များ “The Karate Kid 2” သာ ဆက်လက် ထွက်ရှိလာမယ်ဆိုရင် သူ့အနေနဲ့ ပါဝင်ဖို့ စိတ်အားထက်သန်ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။
“The Karate Kid” ရုပ်ရှင်ဟာ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာ Harald Zwart က ရိုက်ကူးထားတဲ့ Action, Drama, Family အမျိုးအစား ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Jackie Chan, Jaden Smith, Taraji P. Henson နဲ့ Wenwen Han တို့ ပါဝင်ခဲ့ပါတယ်။
အာရှနိုင်ငံတွေနဲ့ ကမ္ဘာတဝှမ်းမှာ အောင်မြင်မှုရရှိခဲ့တဲ့ “The Karate Kid” ရုပ်ရှင်ဟာ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေး ထောက်ခံမှုနဲ့အတူ ရုပ်ရှင် ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Never Say Never” ကိုပါ လူသိများခဲ့ပါတယ်။
“The Karate Kid” ရုပ်ရှင်ထွက်ရှိခဲ့ချိန်မှာ Jaden Smith ဟာ အသက် ၁၂ နှစ်အရွယ်သာ ရှိသေးပြီး အရင်က ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထက် Karate Kid ရဲ့ ဇာတ်ကောင် Dre Parker အဖြစ် ပိုမိုလူသိများလာခဲ့ပါတယ်။
ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Detroit မြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပြောင်းရွှေ့လာခဲ့ရတဲ့ Dre ဟာ အနီးအနားပတ်ဝန်းကျင်က တခြားကလေးငယ်တွေရဲ့ အနိုင်ကျင့်ခြင်းကိုခံနေရတဲ့ ကောင်လေးတယောက် ဖြစ်ပါတယ်။ ဒီလိုအနိုင်ကျင့်ခံရမှုတွေကြောင့် Dre ဟာ ကွန်ဖူးပညာသင်ယူဖို့ မစ္စတာဟန်ရဲ့ ပညာပြမှုတွေကို သည်းခံကာ သူလိုချင်တဲ့ ပညာကို သင်ယူခဲ့ပါတယ်။
နောက်ဆက်တွဲရုပ်ရှင် “The Karate Kid 2” ဟာ လာမယ့်နှစ်တွေအတွင်းမှာ ထွက်ရှိလာဖို့ အစီအစဉ်ရှိနေပေမယ့် Jaden Smith ပြန်လည် ပါဝင်ခြင်း ရှိ၊ မရှိတော့ မသိရသေးပါဘူး။
အခုလို နောက်ဆက်တွဲ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ရှိလာအပြီးမှာတော့ လာမယ့် နောက်ဆက်တွဲရုပ်ရှင်မှာ မင်းသားကြီး ဂျက်ကီချန်းအနေနဲ့ နောက်ထပ် တယောက်ယောက်ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ကွန်ဖူးပညာ သင်ပေးရဦးမလားစတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
လိင်တူချစ်သူပါလို့ အွန်လိုင်းမှာ ဂယက်ထနေတဲ့ Jaden Smith
ဧဝရတ်တောင် တက်ခဲ့တဲ့ တောင်တက်သမားတွေအကြောင်း ရိုက်မယ့် ရုပ်ရှင်မှာ ဂျက်ကီချန်း ပါဝင်
အိမ်ရာမဲ့တွေအတွက် ရွေ့လျား စားသောက်ဆိုင် ဖွင့်လှစ်ခဲ့တဲ့ Jaden Smith
“Rush Hour 4” ရုပ်ရှင် ရိုက်ကူးရန် မရှိကြောင်း ဂျက်ကီချန်း ငြင်းဆို