အဆိုတော် တယောက် အနေနဲ့ အောင်မြင်မှုတခု ရရှိနေတဲ့ ပန်းရောင်ခြယ်ကတော့ ပထမဆုံး သရုပ်ဆောင်ထားတဲ့ “လိပ်ပြာ” ရုပ်သံဇာတ်လမ်းတွဲမှာ ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့တာကြောင့် အခက်အခဲ မရှိခဲ့ဘူးလို့ ပြောပါတယ်။
“ဖိအားရှိလားဆိုတော့ ပြောရရင် ပန်းရောင်က ပျော်နေတာ။ ရှုတင်ရောက်ရင်ကို ပျော်နေတာ။ အဲဒါက အရေးကြီးတယ်လို့ ထင်တယ်။ ကိုယ်တကယ် လုပ်နိုင်မယ်လို့လည်း ထင်ထားတယ်။ ကြိုပြင်ဆင်ထားတာလည်း ပါမယ်။ သူ့ဟာနဲ့သူတော့ Stress ရှိတယ်။ ဒါပေမယ့် များသောအားဖြင့် ပျော်နေတာ”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာတော့ ပန်းရောင်ခြယ်ကို ရဲမေတယောက် အနေနဲ့တွေ့မြင်ရမှာဖြစ်ပြီး ရိုက်ကူးတဲ့အချိန်မှာလည်း ကာရိုက်တာအတွက် အငြိမ်းစားရဲမှူးကြီးတယောက်မှ လာရောက် အကြံပေးခဲ့တယ်လို့ သိရပါတယ်။
“ရိုက်နေတဲ့အချိန်မှာဆိုရင် အငြိမ်းစားရဲမှူးကြီးက လာကြည့်ပေးတယ်။ ပန်းရောင်တို့ရဲ့ အလေးပြုတဲ့ပုံတို့၊ သေနတ်ကိုင်ပုံတို့၊ ဝတ်စားဆင်ယင်ပုံတို့ကို လာကြည့်ပေးတယ်။ စကားပြောတဲ့အခါမှာတော့ ပန်းရောင်ရဲ့ပထမဆုံးကား ဖြစ်တဲ့အတွက် အရင်ကဆို Music Video ရိုက်တော့ ဒိုင်ယာလော့ မပြောရတော့ အဆင်ပြေတယ်”
“အခုက ဒိုင်ယာလော့ပြောရတော့ စိတ်ပူတယ်။ ဒါရိုက်တာ ကိုဉာဏ်ထင်က သေချာပြောပေးပါတယ်။ ဒီကားမှာ ပန်းရောင်ကို ပံ့ပိုးပေးတဲ့သူတွေ အများကြီးရှိတဲ့အတွက် အဆင်ပြေပါတယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
ပန်းရောင်ခြယ်က သူမရဲ့ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း “ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့ ကျေနပ်မှုရှိပါတယ်။ ပြင်ဆင်မှုအပိုင်းမှာလည်း ကြိုးစားပြီး ပြင်ဆင်တယ်။ ပန်းရောင် သြစတြေးလျမှာနေတော့လည်း ငယ်ငယ်ကတည်းက မှုခင်းစုံထောက် ဇာတ်လမ်းတွဲတွေ ကြည့်ဖြစ်တယ်။ အများကြီးကြည့် ဖြစ်တယ်။ သူတို့ရဲ့ Behind the Scene တို့၊ အင်တာဗျူးတို့ကြည့်ပြီး အများကြီးပြင်ဆင်ပါတယ်”လို့ပြောပါတယ်။
ပထမဆုံး သရုပ်ဆောင်ရတဲ့ ဇာတ်လမ်းတွဲဖြစ်တာကြောင့်လည်း အတတ်နိုင်ဆုံး ကြိုးစားထားပြီး နောက်ပိုင်းမှာလည်း အလုပ်က သင်ပေးသွားမှာဖြစ်တဲ့အတွက် ဆက်လက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ပန်းရောင် အတတ်နိုင်ဆုံး ကြိုးစားထားတယ်။ သေချာတာတော့ အလုပ်က အများကြီး သင်သွားမယ်လို့ ထင်တယ်။ အတွေ့အကြုံဆိုတာလည်း အများကြီး အထောက်အကူ ဖြစ်တယ်။ အဲ့အတွက်ကြောင့် နောက်ပိုင်းတွေမှာ ဆက်ပြီး ကောင်းအောင် ကြိုးစားရမယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
သူမရဲ့မိသားစုကလည်း သရုပ်ဆောင် အလုပ်အတွက် အများကြီး ပံ့ပိုးပေးခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အထောက်အကူဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ပန်းရောင် မိသားစုကတော့ အများကြီး ကူညီပေးတယ်။ အိမ်မှာဆို ပန်းရောင် ဒိုင်ယာလော့ ကျင့်တဲ့အခါမှာဆိုရင် ဒယ်ဒီနဲ့ မာမီက နားထောင်ပေးတယ်။ အကြံပေးတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း အများကြီးအထောက်အပံ့ ပေးပါတယ်”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
“လိပ်ပြာ” ဇာတ်လမ်းတွဲကိုတော့ အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်ကာ Canal+ ဇာတ်လမ်း Channel မှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ပြသသွားမှာ ဖြစ်ပါတယ်။
ပန်းရောင်ခြယ်ကတော့ ဆက်လက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားကြီးရိုက်ရန်အတွက် ပြောထားတာတွေရှိပြီး သူမရဲ့တကိုယ်တော်အခွေကိုလည်း ယခုနှစ်အတွင်း ထွက်ရှိသွားမယ်လို့ သိရပါတယ်။
You may also like these stories:
၂၀၁၉ခုနှစ်အတွင်း တကိုယ်တော်အခွေထွက်ဖို့ရှိတဲ့ အဆိုတော်ပန်းရောင်ခြယ်
ဒေါင်းနဲ့အတူ ရိုက်ကူးထားတဲ့ Music Video အကြောင်းပြောပြတဲ့ ပန်းရောင်ခြယ်
ဒုတိယအခွေမှာ သီချင်းပုံစံ ပြောင်းလဲထားတဲ့ ပန်းရောင်ခြယ်