တောင်ကိုရီးယားနိုင်ငံမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို အတွေ့ရများလာနေပြီး OECD (Organisation for Economic Co-operation and Development) လို့ခေါ်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေး အဖွဲ့နိုင်ငံတွေထဲမှာတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနှုန်း ဒုတိယအများဆုံးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့် ဆေးရုံတက်ရောက် ကုသရတဲ့နှုန်း အမြင့်ဆုံးနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားအစိုးရက အတွင်းလူနာ ဌာနတွေအဖြစ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဌာနတွေကို ငွေကြေး မတည်ထားပေမယ့် ငွေကြေးလိုအပ်ချက်တွေနဲ့ မလုံလောက်မှုတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့မှုတွေ ပျံ့နှံ့လာပေမယ့် ကိုရီးယားလူထုတွေ ကြားထဲမှာ စိတ်ကျန်းမာရေး ကုသမှုခံယူထားသူတွေအပေါ် ကြီးစိုးနေတဲ့ လူမှုရေး အမည်းစက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ လူထုအဖွဲ့အစည်း အသီးသီးတွေ ကြားထဲမှာ ရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေဟာဆိုရင် ကိုရီးယားမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ တက်သစ်စ လူငယ်တွေကြားမှာ အတွေ့ရ အများဆုံး ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံသားတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ၊ ပိုမိုပြင်းထန်တဲ့ တခြားရောဂါလက္ခဏာတွေ ဖြစ်ပွားမှုနှုန်းနဲ့ ဆက်စပ်မှုရှိနေတဲ့ လူမှုရေးအမည်းစက် ဝေဖန်မှုနှုန်းတွေ မြင့်တက်လာတာနဲ့ ကြုံတွေ့လာရတယ်လို့ တွေ့ရှိထားပါတယ်။
ကိုရီးယား ယဉ်ကျေးမှုမှာတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ကုသဖို့ လုပ်ဆောင်ကြိုးပမ်းတာကို ရှုတ်ချတဲ့ အမြင်တွေနဲ့ ရှုမြင်ခံနေရတာကြောင့် စိတ်ရောဂါအထူးကု ဆရာဝန်တွေထံကနေ အကူအညီတောင်းကြတဲ့ စိတ်ရောဂါဝေဒနာရှင်နှုန်းဟာ ၇ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုပါတယ်။
ကွန်ဖြူးရှပ်ဝါဒတွေ ကြီးစိုးတဲ့ ယဉ်ကျေးမှုဖြစ်တာကြောင့် မိသားစုရဲ့ ဂုဏ်သိက္ခာဟာ မိသားစုဝင်တွေအတွက်တော့ အထူးဦးစားပေးကိစ္စဖြစ်ပြီး အခုလို စိတ်ကျန်းမာရေးအတွက် ကုသမှုခံယူရတာဟာ မိသားစုရဲ့ မျက်နှာကို အိုးမဲသုတ်သလို ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
ကွန်ဖြူးရှပ် ယဉ်ကျေးမှုမှာတော့ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေရဲ့ စိတ်ဆန္ဒနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ဆန့်ကျင် ပြောဆိုတဲ့ လူမှုအသိုင်းအဝန်းတွေကို ဖြစ်ပေါ်စေတဲ့ အချက်တွေကို အလေးပေးတယ်လို့ ကိုရီးယားဆရာဝန်တွေက ဆိုပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ တောင်ကိုရီးယားလူဦးရေရဲ့ ၃ ရာခိုင်နှုန်းကနေ ၄ ဒဿမ ၂ ရာခိုင်နှုန်းဟာ စိတ်ကျရောဂါတွေကို ခံစားခဲ့ရတယ်လို့ဆိုပါတယ်။ အမျိုးသမီးတွေ၊ ဆေးလိပ်သောက်သူတွေ၊ အချိန်ဆိုင်း အလုပ်သမားတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေ၊ ညနေပိုင်းမှာ လေ့ကျင့်ခန်းလုပ်သူတွေ၊ ဘဝမှာ စိတ်ဖိစိးမှုတွေနဲ့ နေထိုင်ရသူတွေ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် လျော့နည်းသူတွေဟာ စိတ်ကျရောဂါတွေကို ပိုခံစားရတယ်လို့ ဆိုပါတယ်။
စိတ်ကျရောဂါကြောင့် တောင်ကိုရီးယား စီးပွားရေး နယ်ပယ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ကုန်ကျလေ့ရှိတယ်လို့ ခန့်မှန်းထားပြီး ရောဂါကုသစရိတ်ဟာ အဲ့ဒီပမာဏရဲ့ ကြီးမားတဲ့ အချိုးအစား တခုအနေနဲ့ ရှိတယ်လို့လည်း ဆိုပါတယ်။
စိတ်ကျရောဂါ ကာကွယ်ရေးနဲ့ ကုသရေးအပေါ် စိတ်ဝင်စားမှု မြင့်တက်လာတာဟာ ပြည်သူ့ကျန်းမာရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ တောင်ကိုရီးယားမှာ လူ ၁ သိန်းကို ၂၉ ဒဿမ ၁ ယောက်နှုန်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြပြီး ၂၀၁၁ ခုနှစ်မှာတော့ လူ ၁ သိန်းမှာ ၃၃ ဒဿမ ၃ ယောက်နှုန်း ရှိခဲ့တာကြောင့် ကျဆင်းလာခဲ့တယ်လို့ ဆိုရမှာပါ။ အဲ့ဒီနှုန်းကတော့ OECD နိုင်ငံတွေမှာ မြင်တွေ့ရတဲ့ ပျှမ်းမျှနှုန်းထက် နှစ်ဆ ခန့် မြင့်တက်နေခဲ့တာပါ။
၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အဆုံးစီရင်မှုနှုန်းဟာ နှစ်ဆကျော် မြင့်တက်လာခဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနှုန်း လျော့နည်းကျဆင်းလာတဲ့ နိုင်ငံတကာနဲ့ ယှဉ်ရင် ပြောင်းပြန်အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီလိုမြင့်တက်လာရတာဟာ တောင်ကိုရီးယားနိုင်ငံသားတွေ ချမ်းသာကြွယ်ဝလာမှုနဲ့ ဆက်စပ်နေပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနှုန်းဟာ စီးပွားရေ ပျက်ကပ်ကာလအတွင်းမှာထက် မြင့်တက်လာခဲ့တာပါ။ အဆုံးစီရင်တဲ့နှုန်းဟာ အမျိုးသမီးတွေ၊ တက်သစ်စလူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကြားမှာ ပိုမိုထင်ထင်ရှားရှားတွေ့ရှိလာရပါတယ်။
Ref: ilovekstar
You may also like these stories:
စိတ်ကျရောဂါကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တဲ့ Sulli
ကမ္ဘာတဝှမ်းမှာ တနှစ်တခြား ပိုတိုးလာတဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများ
အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှု အမြင့်ဆုံးပြည်နယ်