"Lion King" ရုပ်ရှင်ဟာ စိတ်ပျက်စရာ ကောင်းတယ်လို့ အဆိုတော်ကြီး အယ်လ်တန်ဂျွန် ပြော
Disney ကနေ Live-action ပုံစံနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ “The Lion King” ရုပ်ရှင်ဟာ ခန့်မှန်းထားတဲ့ အတိုင်း ဖြစ်မလာခဲ့ဘူးလို့ အဆိုတော်ကြီး အယ်လ်တန်ဂျွန်က ပြောဆိုလိုက်ပါတယ်။
အဲ့ဒီရုပ်ရှင်ဟာ ဂီတပုံစံ မပေါက်ဘူးလို့ သူက ယူဆထားပါတယ်။ လက်ရှိမှာ “Me” ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို ပရိုမိုးရှင်းလုပ်နေတဲ့ အဆိုတော်ကြီး John က British GQ မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူ့ရဲ့ အမြင်တွေကို ဝေမျှခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မူရင်း ကာတွန်းရုပ်ရှင်မှာ ကမ္ဘာကျော်သီချင်းတွေကို ရေးသား၊ သီဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်ထွက် ရုပ်ရှင်အတွက် သီချင်းအသစ်တပုဒ်ကို ရေးသားပေးခဲ့ပေမယ့် ပိတ်ကားထက်မှာ ရုပ်ရှင်ကို မြင်တွေ့ရချိန်မှာတော့ ကျေနပ်မှု သိပ်မရခဲ့ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဆိုတော်ကြီး John က “‘The Lion King’ ဗားရှင်းအသစ်က ကျနော့်အတွက်တော့ တော်တော်စိတ်ပျက်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက သီချင်းတွေက ရှုပ်ထွေးအောင် လုပ်ထားတယ်။ ဂီတဟာ မူရင်းရုပ်ရှင်မှာ အစိတ်အပိုင်း တခုအနေနဲ့ ရှိခဲ့ပါတယ်။ လက်ရှိ ရုပ်ရှင်မှာတော့ ဂီတဟာ တူညီတဲ့ ရိုက်ခတ်မှုတောင် မရှိခဲ့ပါဘူး”လို့ ဆိုပါတယ်။
အယ်လ်တန်ဂျွန်ရဲ့ အဆိုအရ မူရင်းကာတွန်းရုပ်ရှင်ရဲ့ မှော်ဆန်မှုနဲ့ ပျော်ရွှင်မှုက ပျောက်ဆုံးသွားခဲ့တဲ့အပြင် ရုပ်ရှင်ဇာတ်ဝင်တေးတွေဟာ ဂီတဇယားမှာ အခြေအနေမကောင်းခဲ့ဘူးလို့ ဆိုပါတယ်။
သူက “ဇာတ်ဝင်သီချင်းက တနှစ်တာအတွက် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်တုန်းကလောက်တောင် ဂီတဇယားတွေမှာ တူညီတဲ့ ရိုက်ခတ်မှု မရှိခဲ့ပါဘူး။ ရုံဝင်ငွေမှာ အောင်မြင်မှု တော်တော်များများ ရခဲ့ပေမယ့် သီချင်းအသစ်ကတော့ ဂီတဇယားတွေကနေ လျင်လျင်မြန်မြန်ပဲ ထွက်သွားရပါတယ်” လို့ ဆိုပါတယ်။
ရုပ်ရှင်ထုတ်လုပ်သူတွေကို သူက အပြစ်တင်ခဲ့ပြီး ဒါရိုက်တာအနေနဲ့ သူ့ရဲ့ အရည်အချင်းတွေကို ထုတ်မပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
သူက “ကျနော့်ကိုလည်း အဖွဲ့ထဲမှာ ထည့်ဖို့ ဖိတ်ပါစေဆိုပြီး ဆန္ဒရှိခဲ့ပေမယ့် ရုပ်ရှင်နဲ့ ဂီတကို ဖန်တီးလိုက်တဲ့ အမြင်က တော်တော်လေး ခြားနားသွားပါတယ်။ ပြီးတော့ ကျနော်က တူညီတဲ့လေးစားမှုနဲ့ တုံ့ပြန်ခံရတာမျိုး၊ ကြိုဆိုခံရတာမျိုး တကယ်မရှိခဲ့ပါဘူး။ တော်တော်လေးကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ Lion King ရဲ့ ပြဇာတ်ဘက်မှာတော့ မှန်ကန်တဲ့ ဂီတထွန်းကားနေသေးတာကြောင့် ပျော်ရွှင်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref: etcanada
You may also like these stories:
ခြင်္သေ့ မျိုးသုဉ်းလာခြင်းကို ကာကွယ်ဖို့ “Lion King” ကရတဲ့ အမြတ်ငွေတချို့ Disney လှူဒါန်း
ပရိသတ်တွေကို ခံစားချက်ပေါင်းများစွာ ပေးဦးမယ့် “The Lion King” ရုပ်ရှင်
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ