မူးယစ်ဆေးဝါး သံသယမှုဖြင့် မှားယွင်းစွာ ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော် ဖြိုးပြည့်စုံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်က ဖြိုးပြည့်စုံတို့ ၃ ဦး ပြန်လည် လွတ်မြောက်လာတဲ့အပေါ် အခုလိုပဲ ပြောပါတယ်။
“ကျမတို့ ကိုဖြိုး လွတ်ပြီးတော့ ရွှေတိဂုံ ဘုရားမှာ တွေ့ကြတယ်။ ဗုဒ္ဓဘာသာဆိုတော့ ကံကို ယုံကြည်တယ်။ ဆရာသမားတွေ၊ မိတ်ဆွေတွေ အပေါ်မှာ ကောင်းမှုကြောင့် အမြန်ဆုံး လွတ်မြောက်သွားတယ်။ လွတ်မြောက်သွားတာလေးကို Facebook တင်လိုက်တော့ ကျမကိုလည်း တော်တော်များများက လာမေးကြတယ်။ ဖြိုးပြည့်စုံက အဆိုတော်၊ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ဘယ်လိုများရင်းနှီးနေတာလဲပေါ့။ အရမ်းခင်တာလားတဲ့”
“ကိုဖြိုးနဲ့က အရင်ကတည်းက ခင်တယ်။ ကိုဖြိုးက ဘာသာရေးနဲ့ ပတ်သတ်ရင် အရမ်းစကားပြောလို့ ကောင်းတယ်။ ကျမတို့တွေ့ရင် ဘာသာရေး အကြောင်းတွေ ပြောတယ်။ သူ့အမြင်၊ ကိုယ့်အမြင် အနုပညာအကြောင်းတွေ ဖလှယ် ဖြစ်တယ်”လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ဆက်လက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်က ဖြိုးပြည့်စုံ ဖမ်းဆီး ထိန်းသိမ်းခံထားရချိန်မှာလည်း အားလုံးက စိတ်ပူနေကြတဲ့အပေါ် အခုလိုပဲ ဆိုပါတယ်။
“သူ့ကို အချုပ်ထဲမှာ သွားတွေ့တဲ့အချိန်မှာဆို အားလုံးက ဒေါသတွေ ထွက်နေကြတယ်၊ စိတ်ပူကြတယ်။ သူကတော့ လုံးဝ အေးအေးဆေးဆေးပဲ။ ကျနော် ဘာမှ မလုပ်ထားဘူး။ ဒါဟာ ယိုးဒယားရှောက်သီးဆေးပြားပဲ။ ကျနော် ယုံကြည်တယ်။ အဲဒီမှာ သူ့ရဲ့စိတ်က ခံနိုင်ရည်ရှိတဲ့ အဆင့်တခုတော့ ရှိတယ်ဆိုတာ မြင်လိုက်ရတယ်။ သူ့မှာ ဒေါသလည်း မရှိဘူး။ စိတ်ပူတာလည်း မရှိဘူး”
“ငါ့ကို မတရားချုပ်ထားတယ်ဆိုပြီးတော့ စိတ်တိုတာတွေလည်း မရှိဘူး။ သူ့ကို ကြည့်ရတာ အချုပ်ထဲရောက်နေတဲ့ သူတယောက်နဲ့တောင် မတူဘူး။ တော်တော် ထူးခြားပါတယ်။ ကျမ မြင်ဖူးတဲ့ လူတွေထဲမှာတော့ သူက အထူးခြားဆုံးပဲ”လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။
ဖြိုးပြည့်စုံက ထူးခြားတဲ့ အနုပညာရှင်တယောက် ဖြစ်ပြီး နောက်နောင် မှားယွင်းဖမ်းဆီးမှုတွေ ရှိလာရင် ဘယ်သူ့ကိုမဆို ၂၄ နာရီထက်ပိုပြီး မချုပ်သင့်ဘူးလို့လည်း ကြည်ဖြူသျှင်က ပြောပါတယ်။
“ကိုဖြိုးက ကျမ မြင်ဖူးတဲ့ အနုပညာသမားတွေထဲမှာ သူဟာ တော်တော် ထူးခြားတယ်။ ဘာသာတရား အရမ်းကိုင်းရှိုင်းတယ်၊ ပြီးတော့ ကျေးဇူးတရား အရမ်းသိတတ်တယ်။ သူ့အပေါ်မှာ အရမ်းကောင်းထားတဲ့ လူတယောက်ကို ဘယ်တော့ ကျေးဇူးဆပ်ခွင့်ရမလဲဆိုတာ သူ အမြဲစဉ်းစားတတ်တဲ့လူ၊ ကျေးဇူးတရား အသိတတ်ဆုံး အနုပညာသမားလို့ ပြောရမယ်”
“နောက်နောင်မှာ မှားယွင်းဖမ်းဆီးမှုတွေ ရှိလာရင် ဘယ်သူ့ကိုမဆို ၂၄ နာရီထက်ပိုပြီး မချုပ်သင့်ပါဘူး၊ အရမ်းနစ်နာပါတယ်။ ဖြိးပြည့်စုံက အနုပညာရှင်တယောက်မို့လို့သာ ဒီလိုရှင်းပြခွင့်ရတာ၊ သာမန် လူတယောက်သာဆိုရင် ဘယ်လိုရှင်းပြခွင့်ရမလဲ။ ဒါကြောင့် နောက်နောင် ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာခဲ့ရင် ၂၄ နာရီထက်ပိုပြီးတော့ မဖမ်းဆီးပါနဲ့လို့ မီဒီယာက တဆင့်ပြောချင်ပါတယ်”လို့ ကြည်ဖြူသျှင်က ပြောပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ တီဗီကြော်ငြာ၊ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ များစွာရိုက်ကူးခဲ့သူဖြစ်ပြီး အခုချိန်မှာတော့ ဇာတ်ကားတွေ အရိုက်နည်းနေပြီး ဘဝမှတ်တိုင်အဖြစ် ကျန်ခဲ့မယ့် ဇာတ်ကားများကိုသာ ရိုက်ကူးမယ်လို့ ပြောဆိုထားပါတယ်။
You may also like these stories:
အဆိုတော် ဖြိုးပြည့်စုံ ဖမ်းဆီးခံရတဲ့အပေါ် အနုပညာရှင်များရဲ့ စကားသံများ
ဖြိုးပြည့်စုံအား စွဲဆိုထားသည့်အမှု ထောင်ဒဏ် ၁၀ နှစ်မှ အကန့်အသတ် မရှိ ချမှတ်နိုင်