ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မူးယစ်ဆေးဝါးမှုဖြင့် အထင်လွဲမှားများ ဖြစ်ခဲ့တဲ့အတွက် ဗဟန်းရဲစခန်းမှာ ရမန်ယူ စစ်ဆေးခံခဲ့ရတဲ့ နေ့ရက်များကတော့ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းများအတွက် အိပ်မက်ဆိုးတခုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့ ၃ ယောက်မှာ ဘာထိခိုက်နစ်နာစရာတွေ ရှိသွားလဲဆိုရင် ရှိပါတယ်။ ဒီကာလတွေက ကျနော်တို့ ၃ ယောက်အတွက် အိပ်မက်ဆိုးတွေပါ။ ၃ ရက်တည်း ဆိုပေမယ့် ကျနော်တို့ ၃ ယောက်အတွက် ၃ ကမ္ဘာလောက်လို့ ခံစားရပါတယ်။ ဒါကိုတော့ ကိုယ်တိုင်ကြုံဖူးမှ သိမှာဖြစ်တဲ့အတွက် စကားအနေနဲ့ပဲ ပြောပြတာပါ။ အဲ့ကာလတွေမှာ ကျနော်တို့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ရှိပါတယ်”လို့ အဆိုတော် ဖြိုးပြည့်စုံက ပြောပါတယ်။
အောက်တိုဘာလ ၃ရက်နေ့မှာ ရန်ကုန်မြို့မြန်မာပလာဇာရှေ့မှာရှိတဲ့ Gloria Jean’s ကော်ဖီဆိုင်မှာ သူငယ်ချင်းများစွာ ချိန်းဆိုကာတွေ့ဆုံဖို့ စီစဉ်ထားပေမယ့် တခြားသော သူငယ်ချင်းများက မလာရောက်သေးတဲ့အချိန်မှာ ဖြိုးပြည့်စုံက မြန်မာပလာဇာထဲမှာရှိတဲ့ ဆံပင်ညှပ်ဆိုင်မှာ သွားရောက် ဆံပင်ညှပ်နေစဉ် ငြိမ်းချမ်းကိုနဲ့ ရော်နီစန်းလွင်တို့အား အရပ်ဝတ် မူးယစ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးစဉ်မှာတော့ လူမြင်ကွင်းမှာ လက်ထိပ်များခတ်ကာ ဖမ်းဆီးခေါ်ဆောင်ခဲ့တာကြောင့် သူတို့ရဲ့တည်ဆောက်ထားခဲ့တဲ့ ပုံရိပ်များထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုမှာတော့ ဖမ်းဆီးမှုမှာ ဥပဒေပ လုပ်တဲ့လုပ်ရပ်တွေက စတာပေါ့။ လူမြင်ကွင်းမှာ လက်ထိပ်ခတ်တာကအစ ကျနော်တို့ကို ထိခိုက်မိတာ အပါအဝင်ပေါ့။ ပြီးတော့ ကျနော်တို့ရဲ့ပုံရိပ်ပေါ့။ ကျနော်တို့ နှစ်ပေါင်းများစွာတည်ဆောင်လာခဲ့တဲ ပုံရိပ်ကို ထိခိုက်တယ်”
“ဒါတွေက အခု ဒီအဖြေထွက်လို့သာ ဘာမှမဖြစ်ဘဲ ပိုကောင်းဖို့အတွက် ဖြစ်လာတာပါဆိုတဲ့ အဖြေကိုလက်ခံလိုက်ရတာ။ အကယ်၍များ တခြားနည်းလမ်းနဲ့ စဉ်းစားမယ်။ ဒီအဖြေသာ မဟုတ်ခဲ့ရင် ကျနော်တို့ ၃ ယောက်ဘာဖြစ်နေမှာလဲဆိုတဲ့ မေးခွန်းလေး မေးချင်ပါတယ်”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
အဆိုပါ ကိစ္စရပ်များအတွက် ရင်ဆိုင်နေရတဲ့အချိန် ၃ ရက်အတွင်းမှာတော့ ယုံကြည်ပေးတဲ့သူများရဲ့ ခွန်အားများကို မြင်တွေ့ခဲ့ရပြီး ဗဟန်း ရဲစခန်းရဲ့ မှန်ကန်စွာ စစ်ဆေးပေးမှုကြောင့်လည်း မြန်ဆန်စွာ ပြီးမြောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဝမ်းနည်းတာကတော့ ကျနော်တို့ တကယ် မကျူးလွန်ထားတဲ့ ကိစ္စရပ်အတွက် ကျနော်တို့ တာဝန်ယူပြီးတော့ ဒီကာလတွေမှာ ရင်ဆိုင်ခဲ့ရတယ်။ နောက်တချက်ကကျတော့ သတင်းအမှားတွေပေါ့။ မမျှော်လင့်ထားဘဲနဲ့ သတင်းအမှားတွေ ဖြန့်ဝေတာကို ခံခဲ့ရတယ်”
“ပရိသတ်ပြည်သူဆိုတာ သတင်းအပေါ်မှာ အခြေတည်ပြီးတော့ ကျနော်တို့နဲ့ နီးနီးကပ်ကပ် နေရတာ မဟုတ်တဲ့အတွက် သတင်းအပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်တာဖြစ်တဲ့အတွက် ဒီဆုံးဖြတ် သုံးသပ်ချက် မှားယွင်းတာဖြစ်တဲ့အတွက် အထင်လွဲခံတဲ့ကိစ္စတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့အတွက် စိတ်မကောင်းပါဘူး” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
ဖမ်းဆီးခံရစဉ်က ရိုက်နှက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး “ကျနော်ကတော့ ဗုဒ္ဓဘာသာ တယောက်ဖြစ်တဲ့အတွက် အတိတ်ကံက ဝဋ်ကြွေးပါလာလို့ပဲ ၃ ယောက်ဆုံပြီး ပေါင်းစပ်ရတယ်လို့ မှတ်ပါတယ်။ ကျနော်တို့ ကိုယ်တိုင်မကျူးလွန်ထားတဲ့ ကိစ္စကို အိပ်မက်ဆိုးလိုမျိုး ဖြစ်သွားတော့ စိတ်မကောင်းပါဘူး”
“ကျနော်တို့ကို စံနမူနာယူပြီးတော့ လူငယ်လေးတွေလည်း ကျနော်တို့လို မဖြစ်အောင် မူးယစ်ဆေးဆိုတာကို စမ်းပြီးတော့တောင် မသုံးဖို့၊ ကျနော်တို့ ဆိုမှန်နေတဲ့အတွက် ဆီးတွေဘာတွေ စစ်ထားတဲ့အတွက် မသုံးတာကိုသိသွားပြီး လူငယ်တွေအနေနဲ့ စမ်းမသုံးဖို့အတွက် ပြောချင်ပါတယ်”လို့ ငြိမ်းချမ်းအောင်က ပြောပါတယ်။
တချို့သောလူများရဲ့အမြင်မှာ ရဲတပ်ဖွဲဝင်များအပေါ် အထင်လွဲမှားမှုများရှိခဲ့တဲ့အပေါ်မှာ ဖြိုးပြည့်စုံက ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
“တပိုင်းစီလေ့လာရင်တော့ ရဲတပ်ဖွဲ့ဆိုပြီး အပြစ်တွေတင်သလို ဖြစ်နေမှာပေါ့။ တကယ်တမ်း ကျနော်တို့ ကိစ္စဟာ တပိုင်းချင်းလေ့လာလို့ မရဘူး။ ဖမ်းဆီးထိန်းသိမ်းတဲ့ ကဏ္ဍရှိသလို အမှန်အတိုင်းစစ်ဆေးပြီး အမှုဖော်ထုတ်ပေးတဲ့ ကဏ္ဍ ရှိတယ်”
“ဒီကိစ္စကြီးတခုလုံးကို ခြုံကြည့်ရင်တော့ ရဲတပ်ဖွဲ့ကပဲလုပ်တာ။ ၂ ဖွဲ့ရှိတယ်။ ၁ ဖွဲ့ကကျတော့ မူးယစ်၊ ၁ ဖွဲ့ကကျတော့ ဗဟန်းရဲစခန်း မှားယွင်းထိန်းသိမ်းတာကို အမှန်အတိုင် းအဖြေထွက်စေတာဟာ ကျနော်တို့နိုင်ငံအတွက်ရော တာဝန်ရှိသူတွေအတွက်ရော ကျေနပ်စရာကောင်းတဲ့ ရလဒ်တခုလို့ ယုံကြည်တယ်”
“ ဒီ ၃ ရက်တာ အတွင်းမှာ အချိန်တိုအတွင်း မှန်မှန်ကန်ကန် တိတိကျကျနဲ့ အပြင်ပြန်ရောက်လာနိုင်တာဟာ ရဲတပ်ဖွဲ့ရဲ့ကြိုးစားအားထုတ်မှု အဓိကကျတယ်။ ဒီလိုကိစ္စတွေရှိပြီးမှ အပြစ်တင်မှာလား အမြင်စောင်းမှာလားဆိုတာ မရှိတော့ဘူး” လို့ ဖြိုးပြည့်စုံကပြောပါတယ်။
မူးယစ်တပ်ဖွဲ့ ၄၀ မှ သတင်းပေးချက်အရ လာရောက် ဖမ်းဆီးစဉ်မှာ ဖြိုးပြည့်စုံရဲ့အိတ်အတွင်းမှတွေ့ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှ ဝယ်ယူလာခဲ့တဲ့ Playmore သကြားလုံးဘူးဟာလည်း သတ်မှတ်ထားတဲ့ နေ့ရက် ကုန်ဆုံးနေတဲ့ ဆားငံသီး အရသာ သကြားလုံးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါနေ့ရက်ကတော့ ဖြိုးပြည့်စုံနဲ့အတူ ငြိမ်းချမ်းကို၊ ရော်နီစန်းလွင်တို့အပြင် ဂျူဝယ်လ်၊ ခင်စုစုနိုင်၊ ဝတ်ရည်ထက်တို့နဲ့ ချိန်းဆိုထားခဲ့တာဖြစ်ပြီး သူတို့က ရောက်မလာသေးတဲ့အချိန်မှာ ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယခုလိုအထင်လွဲမှုများ ဖြစ်ခဲ့တဲ့အပေါ်မှာတော့ ရှေ့လျှောက်မှာ ဒီလိုကိစ္စရပ်မျိုး မဖြစ်စေရန် ဒီဖြစ်ရပ်ကို အမြဲတမ်း သာဓကတခုအနေနဲ့ ကာကွယ်စရာတခုဖြစ်အောင် ရှေ့ဆက်သွားမှာဖြစ်ပြီး တတ်ကျွမ်းတဲ့ သူများနဲ့ဆွေးနွေးကာ လုပ်ဆောင်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
အဆိုတော် ဖြိုးပြည့်စုံ မှားယွင်း ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ အပြော
အဆိုတော် ဖြိုးပြည့်စုံ ဖမ်းဆီးခံရတဲ့အပေါ် အနုပညာရှင်များရဲ့ စကားသံများ
ဖြိုးပြည့်စုံအား စွဲဆိုထားသည့်အမှု ထောင်ဒဏ် ၁၀ နှစ်မှ အကန့်အသတ် မရှိ ချမှတ်နိုင်