ဝါရင့် ဟာသသရုပ်ဆောင် ခင်လှိုင်ကတော့ ဒါရိုက်တာ တယောက် အနေနဲ့ “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပြီး ဒီဇာတ်ကား ရုံတင်ခွင့်ရတဲ့အပေါ် အခုလိုပဲ ပြောပါတယ်။
“ကျနော် ဒုတိယမြောက်ရိုက်တဲ့ ဇာတ်ကားက ပထမဆုံး ရုံတင်ခွင့်ရတာ အရမ်းပီတိဖြစ်ပါတယ်။ ရုံတင်ခွင့်ပေးတဲ့ မင်္ဂလာ Group က တာဝန်ရှိတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ယုံယုံကြည်ကြည်နဲ့ အပ်နှံခဲ့တဲ့ အောင်သီရိရုပ်ရှင် ထုတ်လုပ်ရေးကိုလည်း ကျေးဇူးတင်ပါတယ်။ အရမ်းဝမ်းသာပါတယ်။ ဒီဇာတ်ကားလေးကို ရေးထားတာကြာပြီ”
“ဒီဇာတ်ကားလေးထဲမှာ အစ်ကို၊ ဆရာဖြစ်တဲ့ ကိုကုသိုလ်ရဲ့ Plot လေးကို ထည့်သုံးထားပါတယ်။ ကိုကုသိုလ်ကတော့ ကွယ်လွန်သွားပြီဖြစ်တာကြောင့် အစ်ကို့ရဲ့ အနုပညာကို ပူဇော်တဲ့ အနေနဲ့ အကို့ဇနီးကို ကန်တော့ ပြီးပါပြီ”လို့ သရုပ်ဆောင် ခင်လှိုင်က ပြောပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးစဉ်က အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့လည်း ခင်လှိုင်က အခုလိုပဲ ဆိုပါတယ်။
“အခက်အခဲတွေကလည်း များပါတယ်။ နယ်မှာ ရိုက်တာဆိုတော့ ရာသီဥတုလည်း မငြိမ်ဘူး။ နည်းနည်းတော့ Stress တော့ များတယ်။ အမှန်တကယ်တော့ ကျနော်ပါဝင် သရုပ်မဆောင်ဖို့ ပြောပါတယ်။ မြင့်မြတ် အစ်ကို နေရာကို ကျနော့်ကိုပဲ သရုပ်ဆောင်ပါလို့ ဝိုင်းပြီး တိုက်တွန်းတာနဲ့ ကျနော်လည်း သရုပ်ဆောင် ဖြစ်သွားတာပါ။ သရုပ်ဆောင်၊ ဒါရိုက်တာအနေနဲ့ အာရုံ နှစ်ခုဆိုတော့ ပိုပင်ပန်းတာပေါ့”လို့ ခင်လှိုင်က ပြောပါတယ်။
“ချိုးရုပ်” ဇာတ်ကားကိုတော့ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး ပရိသတ်တွေ ရင်ထဲကို ငြိတွယ်မယ့် ရုပ်ရှင်ကားလို့ သေချာပေါက် ယုံကြည်ကြောင်း ခင်လှိုင်က ဆိုပါတယ်။
“၅၂၈ မေတ္တာ၊ သားသမီးနဲ့ မိဘ ချစ်တယ်။ အစ်ကိုနဲ့ ညီ ချစ်တယ်၊ သူငယ်ချင်း ချစ်တယ်။ အဲဒါတွေကို ပြထားတဲ့ ပျော်ရွှင်စရာ၊ လွမ်းမောစရာ၊ ကြည့်ပြီး ရင်ထဲတခုခု ကျန်ခဲ့မယ်လို့ ထင်ပါတယ်။ ကျနော်တို့ ထုတ်လုပ်သူနဲ့ Metting လုပ်ပြီး သရုပ်ဆောင်တွေ ရွေးကြတဲ့ အချိန်မှာ ပုံမှန်သရုပ်ဆောင်နေသူတွေ မဟုတ်ဘဲ သရုပ်ဆောင်တွေ ပြောင်းချင်တော့ အကုန်လုံး အံ့ဝင်ခွင်ကျဖြစ်အောင်သေချာလေး ရွေးချယ်ထားပါတယ်”
“အားလုံးကတော့ ကြိုးကြိုးစားစားနဲ့ ကျေကျေနပ်နပ် အားကြိုးမာန်တက် လုပ်ကြပါတယ်။ ကျနော်က ဒီကားလေးကို အများကြီး မျှော်လင့်ထားပါတယ်။ ပရိသတ်တွေ ရင်ထဲကို ငြိတွယ်မယ့် ကားလေးလို့ သေချာပေါက် ယုံကြည်ပါတယ်။ ၁၇ ရက်နေ့မှာ မြန်မာတနိုင်ငံလုံး ပြပါမယ်။ လာကြည့်ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်”လို့ ခင်လှိုင်က ပြောပါတယ်။
ဟာသ သရုပ်ဆောင် ခင်လှိုင်ကတော့ သရုပ်ဆောင် နေရဲနဲ့ သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပြီး အနုပညာလောကမှာ အချိန်တော်ကြာ ရပ်တည်နေတဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။
You may also like these stories:
လောင်းကစားကြောင့် ဘဝပျက်ဖူးလို့ လောင်းကစားကို စွန့်လွှတ်ခဲ့တဲ့ ခင်လှိုင်
ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုဖို့ မလွယ်ကြောင်း ခင်လှိုင် ပြော
“ငယ်ငယ်တုန်းက ဆင်းရဲခဲ့တော့ သားသမီးတွေ လူတန်းစေ့ နေနိုင်အောင် ကြိုးစားခဲ့ရတယ်”
“ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရင် ပြစ်မှုကျူးလွန်သူတွေ လျော့သွားမှာပါ”လို့ ခင်လှိုင် ပြော