Entertainment

ပထမဆုံး ရုပ်ရှင်ကားကြီး “Now & Ever” အတွက် ရင်ခုန်နေတဲ့ ဂျူးဂျူးကေ

မကြာခင်မှာ ရုံတင်ပြသတော့မယ့် ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက် ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ သရုပ်ဆောင် ဂျူးဂျူးကေကတော့ ဒီကားဟာ သူမအတွက် ပထမဆုံးရုပ်ရှင်ကားကြီး ဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့ ပြောပါတယ်။

“Now & Ever အတွက် ရင်ခုန်သံကတော့ ကိုယ်လည်း အရမ်းကို ကြည့်ချင်နေတာဆိုတော့ ပရိသတ်နဲ့ထပ်တူပါပဲ။ ဒီကားလေးကို ရိုက်ခွင့်ရလို့လည်း ကိုဇဏ်နဲ့ မခရစ္စတို့ကို ကျေးဇူးတင်တယ်။ ကိုယ်အရင်က ထင်တာတွေကလည်း မဟုတ်ဘူး။ ဘယ်လိုမျိုးက ပိုကောင်းတယ်ဆိုတာလည်း သိခွင့်ရခဲ့တယ်။ အဲ့အတွက်ကြောင့် ကိုယ့်အတွက် အရင်ကထက် ပညာတွေ တိုးတယ်လို့ ခံစားရတယ်”လို့ ဂျူးဂျူးကေက ပြောပါတယ်။

ဇာတ်လမ်းတွဲများ၊ ဗီဒီယိုဇာတ်ကားများစွာ ရိုက်ခဲ့ပေမယ့် ဒီရုပ်ရှင်ကားမှာတော့ သဘာဝကျကျ သရုပ်ဆောင်ခဲ့ရပြီး အမှတ်တရတွေကိုတော့ ရုံတင်မှ ပြောပြတော့မယ်လို့ ဆိုပါတယ်။

“အမှတ်တရတွေကတော့ ရုံတင်မှပဲပြောရမလား မသိဘူး။ သေချာတာကတော့ တကယ့်ကို ပြင်ပလောကမှာ ဖြစ်တဲ့ ပုံစံအတိုင်း စကားပြောတာကအစ ရိုက်တာမျိုး ပြုတ်ကျတာမျိုးဖြစ်စေ ခါတိုင်းရိုက်နေကျနဲ့ မတူဘူး။ အနာခံပြီး ရိုက်ရတာပေါ့” လို့ ဂျူးဂျူးကေက ပြောပါတယ်။

သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင်တယောက်အနေနဲ့ ဘယ်လိုတွေးခေါ်ရမလဲဆိုတာတွေကို သိလာခဲ့တယ်လို့ ပြောပါတယ်။

“သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီး ကိုယ်သိထားတာတွေက မှန်လား၊ မှားလား ကိုယ်မသိတာတွေလည်း ပိုသိလာတယ်။ ပြီးတော့ အတွေးအခေါ်ပိုင်းမှာလည်း သရုပ်ဆောင်တယောက် အနေနဲ့ ဘယ်လိုတွေးခေါ်ရမလဲဆိုတာကို သိလာတယ်လို့ ထင်တယ်” လို့ ဂျူးဂျူးကေက ပြောပါတယ်။

ဂျူးဂျူးကေကတော့ ဒီကားထဲမှာ မျိုးမျိုးဝေ ဆိုတဲ့ ကောင်မလေး တယောက် အနေနဲ့ ပါဝင်ထားပြီး ဘယ်လိုကာရိုက်တာ ဖြစ်မလဲဆိုတာကိုတော့ ရုံတင်မှသိရမှာ ဖြစ်ပါတယ်။

မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဂျူးဂျူးကေကတော့ သရုပ်ဆောင်မော်ဒယ် အလုပ်အပြင် တယောကိုလည်း ကျွမ်းကျင်စွာ ထိုးတတ်ပြီး လက်ရှိမှာလည်း ဖျော်ဖြေမှုများပြုလုပ်လျက်ရှိပါတယ်။

ယခုနှစ်အတွင်းမှာတော့ သူမ ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲ ၂ ကား ပြသခဲ့ပြီး နောက်ထပ်လည်း ပြသမယ့် ဇာတ်လမ်းတွဲများလည်း ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

“ခီမောင်နှံနဲ့ ရုပ်ရှင်တွဲရိုက်ခွင့်ရတာ အကောင်းဆုံး အခွင့်အရေးပါ”

“ပြီးခဲ့တဲ့ ကား၂ကားထက် Level မြင့်အောင် ကြိုးစားကြမှာပါ”

“Now and Ever” ရုပ်ရှင်နဲ့ ပတ်သက်ပြီး အရမ်းရင်ခုန် မျှော်လင့်နေတဲ့ သရုပ်ဆောင် ဇဏ်ခီ

Loading