ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် K-pop စတားတွေဟာ အောက်တိုဘာလ ၁၇ ရက်နေ့အစောပိုင်းမှာ ကွယ်လွန်သူ Sulli ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ခဲ့ကြပါတယ်။
အသက် ၂၅ နှစ်အရွယ် K-pop စတား Sulli ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့တုန်းက ဆိုးလ်မြို့ တောင်ဘက်မှာ ရှိတဲ့ Seongnam အရပ်က သူ့နေအိမ်မှာ သေဆုံးလျက် တွေ့ရှိခဲ့ရပြီးနောက် ကိုရီးယားနိုင်ငံ တဝန်းမှာ တော်တော်လေး ထိတ်လန့် တုန်လှုပ်ခဲ့ကြရပါတယ်။ သူ မသေခင်မှာ ပြင်းထန်တဲ့ စိတ်ကျဝေဒနာကို ခံစားနေခဲ့ရတဲ့အကြောင်း သူနဲ့ ရင်းနှီးသူတွေက ပြောဆိုခဲ့ပါတယ်။
ဆိုးလ်မြို့မှာ ရှိတဲ့ ဆေးရုံတရုံမှာ ၄ ရက်ကြာပြုလုပ်ခဲ့တဲ့ ဈာပနအခမ်းအနားနဲ့ ဝမ်းနည်းဖွယ် အခမ်းအနားအပြီးမှာတော့ Sulli ရဲ့ရုပ်အလောင်း ထည့်သွင်းထားတဲ့ အခေါင်းဟာ အောက်တိုဘာလ ၁၇ ရက်နေ့ အစောပိုင်းမှာပဲ နောက်ဆုံး သဂြိုဟ်ဖို့ ဆေးရုံကနေ ထွက်ခွာသွားပြီလို့ ရင်းနှီးသူတွေက ဆိုပါတယ်။
ဈာပန အခမ်းအနား ကျင်းပတဲ့နေရာဆီ မီဒီယာတွေကို ဝင်ခွင့် မပြုခဲ့ပေမယ့် Sulli ရဲ့ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တော်တော်များများ တက်ရောက်လာတာကို မြင်တွေ့ရပါတယ်။ သူ့ရဲ့ အနုပညာရှင်သူငယ်ချင်းတွေကတော့ သူ ရုတ်တရက် ကွယ်လွန်ခဲ့ပြီးတဲ့နောက်ပိုင်း ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဝမ်းနည်းတဲ့အကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
အဲ့ဒီအထဲမှာ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ပြီး Kara အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Goo Ha-ra လည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့တုန်းကတော့ အဆိုတော် Goo ဟာ သူနဲ့ Sulli တို့ ရိုက်ကူးထားခဲ့ဖူးတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။
Goo က “Sulli က ဟိုဘက်ကမ္ဘာမှာ သူဆန္ဒရှိတဲ့အတိုင်း လုပ်နိုင်တော့မှာပါ” လို့ ရေးသားခဲ့ပါတယ်။ အခုလိုမျိုး Sulli ရဲ့ သေဆုံးမှုကြောင့် SuperM အဖွဲ့ရဲ့ ဖျော်ဖြေပွဲနဲ့ ဂီတဗီဒီယိုအသစ် ဖြန့်ချိမှုတို့ကိုလည်း ဖျက်သိမ်းလိုက်တာ တွေ့ရပါတယ်။
ကနဦးမှာတော့ ဈာပနအခမ်းအနားကို ပရိသတ်တွေနဲ့ မီဒီယာတွေရှေ့မှောက်မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် Sulli ရဲ့ အေဂျင်စီ SM အင်တာတိန်းမန့်က နောက်ပိုင်းမှာ ဆိုးလ်မြို့၊ အနောက်ပိုင်းမှာရှိတဲ့ Sinchon မြို့က ဆေးရုံမှာ အောက်တိုဘာလ ၁၅ ရက်နဲ့ ၁၇ ရက်နေ့တို့မှာ အချိန်သတ်မှတ်ပြီး နောက်ဆုံးနှုတ်ဆက်ဖု့ိ ပရိသတ်တွေကိုသာ ခွင့်ပြုမယ့်လို့ ပြောင်းလဲခဲ့ပါတယ်။
Sulli ဟာ ၂၀၀၅ ခုနှစ်မှာ ကလေးသရုပ်ဆောင် အဖြစ်နဲ့ ပွဲဦးထွက်ခဲ့ပြီးတော့ ၂၀၀၉ ခုနှစ်မှတော့ SM အင်တာတိန်းမန့် ကနေ စင်တင်ခဲ့တဲ့ f(x) အဖွဲ့ရဲ့ အဖွဲ့ဝင်တဦး ဖြစ်လာခဲ့ပါတယ်။
Sulli ဟာ ၂၀၁၃ ခုနှစ်မှာ Dynamic Duo အဖွဲ့ဝင် Choiza နဲ့ တွဲနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ပြီးတဲ့နောက် Cyber Bulling (အွန်လိုင်း အနိုင်ကျင့်မှု) တွေကို ခံစားခဲ့ရသူလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်တနှစ်မှာတော့ သူတို့နှစ်ယောက်ဟာ အချစ်ရေး သတင်းကို အတည်ပြုခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ ဆိုက်ဘာ အနိုင်ကျင့်မှုတွေကြောင့် စိတ်ကျရောဂါခံစားခဲ့ရတယ်လို့ ဆိုပြီး အနုပညာလုပ်ငန်းတွေကနေ တနှစ် အနားယူခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ အနုပညာအလုပ်တွေကို ပြန်စခဲ့ပေမယ့် သူဟာ သရုပ်ဆောင် အလုပ်ကိုပဲ အာရုံစိုက်ဖို့ f(x) အဖွဲ့ကနေ တရားဝင်နုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်တနှစ်မှာပဲ Sulli နဲ့ Choiza တို့ဟာ အချစ်ဇာတ်လမ်းကို အဆုံးသတ် လိုက်ကြပါတယ်။
Sulli ရဲ့ သေဆုံးမှုကြောင့် Choiza ရဲ့ hip-hop တီးဝိုင်းအနေနဲ့ ၃ နှစ်အတွက် ပထမဆုံးဖြန့်ချိမယ့် အယ်လ်ဘမ်ကို ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အွန်လိုင်းပေါ်မှာ အတွင်းခံ Bra မပါတဲ့ အငြင်းပွားဖွယ် ဓာတ်ပုံတွေကို တင်ခဲ့လို့ Cyber Bullying ပြုလုပ်ခံခဲ့ရတာကနေ အမုန်းစကား မှတ်ချက်ပေးသူတွေက သူ့ကို အွန်လိုင်းပေါ်မှာ တိုက်ခိုက်မှုတွေ စတင်လာခဲ့ပါတယ်။ အဲ့ဒီနောက် အမျိုးသမီးအတွင်းခံတွေဟာ ကျန်းမာရေးနဲ့မညီညွှတ်ဘူးဆိုပြီး သူက အပြစ်တင်ခဲ့ပြီး အမျိုးသမီးများ Bra မဝတ်ဆင်ခွင့်ရှိရေးအတွက် တောင်းဆိုလာခဲ့ပါတယ်။
သူဟာ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “The Night of Hate Comments” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်မှာ “Persona 2” ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တခုမှာ ပါဝင်ဖို့လည်း ရှိနေတာပါ။ သူ့ရဲ့ ကွယ်လွန်မှုကြောင့် သာမန်လူတွေနဲ့ နာမည်ကျော်တွေကို အင်တာနက်ပေါ်ကနေ အနိုင်ကျင့် တိုက်ခိုက်မှုတွေအပေါ် ပြည်သူတွေ သတိရှိလာကြတာကိုလည်း တွေ့ရပါတယ်။
တောင်ကိုရီးယား သမ္မတ အိမ်ပြာတော်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာလည်း အောက်တိုဘာလ ၁၄ ရက်နေ့ကစလို့ အွန်လိုင်းပေါ်ကနေ လက်မှတ်ထိုးတောင်းဆိုမှု စတင်ခဲ့ပြီး အွန်လိုင်းမှာ မှတ်ချက်ပေးမယ်ဆိုရင် တရားဝင်နာမည်နဲ့ အသိအမှတ်ပြု အမှတ်အသားတွေ ရှိဖို့ဥပဒေပြဌာန်းမယ့် “Choi Jin-ri law” ကို ရေးဆွဲဖို့ တောင်းဆိုခဲ့ကြပါတယ်။
Ref:Yonhap
You may also like these stories:
စိတ်ကျရောဂါကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တဲ့ Sulli
Live ထုတ်လွှင့်နေစဉ်မှာ ရင်သားကို မတော်တဆ လှစ်ဟပြသလို ဖြစ်ခဲ့တဲ့ K-pop စတား Sulli