Entertainment

သရုပ်ဆောင် လင်းလက်ဟိန်းရဲ့ အမှု ရမန်ကာလ ၁ ရက် ထပ်တိုး

ပတ်ဝန်းကျင်မှာ ဆူပူရမ်းကားပြီး တာဝန်ရှိသူကို အန္တရာယ်ဖြစ်အောင် တုန့်ပြန် တိုက်ခိုက်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ ဖြင့် အရေးယူခံထားရတဲ့ သရုပ်ဆောင် လင်းလက်ဟိန်းကို စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးထားပြီး လက်ရှိမှာတော့ ရမန်ယူထားဆဲဖြစ်ကာ အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ တရားစွဲဆို စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

“ဒီနေ့က ရမန်တရက် ထပ်ယူတာပါ။ မနက်ဖြန်မှ တရားစွဲဆို စစ်ဆေးတာလုပ်မှာပါ” လို့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း ရပ်ကွက်နေပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ရာ လင်းလက်ဟိန်းမှ လက်နက် မချဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးကိုလည်း ကတ်ကြေးဖြင့် ပြေးထိုးခဲ့တာကြောင့် လင်းလက်ဟိန်းအား ရဲတပ်ဖွဲ့ဝင် တဦးက အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့အောက်ပိုင်းကို တချက် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် သရုပ်ဆောင် လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ) ၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ဖြင့် အမှုဖွင့်ထားပြီး လတ်တလောမှာတော့ ရမန်ယူကာ ဖမ်းဆီးထားပြီး ယနေ့၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရုံးထုတ်ခဲ့သော်လည်း မစစ်ဆေးဖြစ်ဘဲ ရမန်ကာလ ၁ ရက် ထပ်တိုးကာ အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတင်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်မှာ ရုံးထုတ် ရမန်ယူခဲ့ပါတယ်။ ယနေ့၊ အောက်တိုဘာလ ၁၇ ရက်နေ့ ရုံးထုတ်မှာတော့ သရုပ်ဆောင် လင်းလက်ဟိန်းအား စာနယ်ဇင်းများက မေးမြန်းခွင့် မရခဲ့ပါဘူး။

You may also like these stories:

“ဥပဒေအသစ်အရ လင်းလက်ဟိန်းကို အရေးယူလို့ မရဘူး”လို့ သင်္ဃန်းကျွန်း ရဲတပ်ဖွဲ့မှူး ပြော

“မိသားစုကို ဒုက္ခပေးခဲ့ရတဲ့အတွက် နောင်တရလို့ မဆုံးပါဘူး”လို့ မိုးအောင်ရင် ပြော

“အမှုရင်ဆိုင်နေရတဲ့ ၃ ရက်ဟာ အိပ်မက်ဆိုးတခု ဖြစ်ခဲ့တယ်”လို့ ဖြိုးပြည့်စုံ ပြော

ဆယ်ကျော်သက်တုန်းက မူးယစ်ဆေး အများအပြား သုံးခဲ့ဖူးတယ်လို့ ဂျက်စတင်ဘီဘာ ဝန်ခံ

Loading