“အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲထဲမှာ ဒုရဲအုပ်အာကာ အဖြစ်ပါဝင် သရုပ်ဆောင်ထားတဲ့ ထူးအောင်က မြင်နေကျ ပုံစံမဟုတ်တဲ့ ပုံစံကို ဒီဇာတ်ကားလေးမှာ တွေ့ရမှာဖြစ်ပြီး အားစိုက်ကြိုးစားထားတယ်လို့ ဆိုပါတယ်။
“အကြင်နာ မြစ်ဖျား ဇာတ်ကားမှာ ဒုရဲအုပ် အာကာ အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကျနော်အရင်က ပါဝင်ခဲ့တဲ့ ကာရိုက်တာတွေက ကြမ်းကြမ်းတမ်းတမ်း ကာရိုက်တာပဲ ဖြစ်ဖြစ် ဗီလိန်ပဲ ဖြစ်ဖြစ် အဲ့လို ကာရိုက်တာတွေများတယ်။ အချစ်ကားရိုက်ချင်တာကြာပြီ”
“ အကြင်နာမြစ်ဖျားက အချစ်ကားလေးဆိုတော့ အရမ်းသဘောကျတယ်။ ခင်ဝင့်ဝါနဲ့ သရုပ်ဆောင်ရတာလည်း အဆင်ပြေတယ်။ ကျနော်တို့ အကုန်လုံးလည်း အားစိုက် ကြိုးစားထားကြတယ်။ အချစ်သီးသန့်တော့ မဟုတ်ဘူး။ ကျနော်က ရဲဆိုတော့ အက်ရှင်တွေလည်းပါတယ်”
“ကျနော်အချစ်ကားကို ပထမဆုံးစရိုက်တာမို့ ကြိုးစားပြီးတော့ ချစ်ထားတယ်။ အစက ဒီကားက စစ်ကားပေါ့။ နောက်ဇာတ်အိမ်ပြောင်းလိုက်တော့ ကျနော်က ရဲဖြစ်သွားတယ်။ ဇာတ်လမ်းပိုကောင်းဖို့ ဖြစ်လာတယ်လို့ပြောလို့ရပါတယ်။ ကျနော်တို့ ရိုက်ပြီးသားတွေလည်း ပြန်ရိုက်ရတာတွေ ရှိတယ်”
“ အမှတ်တရတွေလည်း အများကြီးရှိပါတယ်။ မြင်နေကျ ပုံစံမဟုတ်တဲ့ ပုံစံလေး ဒီဇာတ်ကားလေး မှာ တွေ့ရမှာ ဖြစ်တာကြောင့် လွှင့်ရင်လည်း အားပေးကြပါဦးလို့”လို့ ထူးအောင်က ပြောပါတယ်။
အနုပညာအလုပ်တွေ အားတဲ့ အချိန်မှာ နာရေးကူညီမှု အသင်းမှာ နာရေးကားမောင်းဖြစ်ကြောင်း ထူးအောင်က ပြောပါတယ်။
“ကျနော်အနုပညာအလုပ်တွေ အားလပ်ချိန်မှာ ဦးကျော်သူ တို့ အသင်းမှာ ကားသွားမောင်းတယ်။ Dead Body သယ်တယ်။ တခါတလေ ရေဘေးမီးဘေးတွေလည်း အားရင်ကူညီပေးတယ်။ ကျနော်နာရေးကူညီမှုအသင်းမှာ ပထမဆုံး Dead Body သယ်တုန်းက ခံစားရတယ်။ ဒါက ကျနော်နဲ့ အရမ်းခံစားရတယ်။ အိမ်သူအိမ်သားတွေ ဝမ်းနည်း ပူဆွေးတာ ကျနော်တို့ ဆီ ကူးဆက်တယ်။ ကျနော်ဖြစ်လာတဲ့ခံစားချက်က ကျနော်သူတို့ကို အကောင်းဆုံး ဘယ်လို ကူညီပေးရမလဲ တွေးတယ်”
“Dead Body ကို သပ်သပ်ရပ်ရပ် ရိုရိုသေသေလေးလေးစားလုပ်တယ်။ တခါတလေ ဝင်ရခက်တဲ့နေရာတွေမှာ ကျနော်တို့ ကိုယ်တိုင် ပွေ့ချီရမယ်ဆိုရင်လည်း ကိုယ်တိုင်ပဲလုပ်တယ်။ ကျနော်ခံစားရတာက ဘယ်အရာမှမတည်မြဲ ဘူးဆိုတာပါပဲ။ အသက်ရှင်နေတဲ့ အချိန် မှာ အကောင်းဆုံးပဲ ဖြတ်သန်းချင်တယ်။ အကောင်းဆုံးပဲ လုပ်မယ်”
“ တခါတလေ မေ့မေ့ သွားတယ်။ အဲ့လို မေ့သွားရင် ကုသိုလ်ကောင်းမှုတွေ ပြန်လုပ်ပြီးတော့ အဲ့စိတ်တွေ ရအောင် ပြန်သွင်းရတယ်”လို့ ထူးအောင်ကပြောပါတယ်။
မော်ဒယ်လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီး တွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တယောက်လည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ထူးအောင်က သူငယ်ချင်းတွေကို Gym ဆော့တာနဲ့ ပတ်သက်ပြီး Train ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။
You may also like these stories:
၂၀၁၉ ခုနှစ်မှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးဖို့ ရှိနေတဲ့ ထူးအောင်
“အနှိမ်ခံရတဲ့စိတ်က တွန်းအားဖြစ်စေတယ်” လို့ မော်ဒယ်ထူးအောင် ပြော
ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး မင်းသားတွေကို ထူးအောင် ဘယ်လိုအကြံပေးလဲ