ကာမလိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ရုံးချိန်းမျာ းပျက်ကွက်ခဲ့ပြီး ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ရုံးချိန်းကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချရေး ဝန်ကြီးဌာနမှာ အစည်းအဝေး တက်ရောက်နေတဲ့အတွက် ခွင့်တိုင်ကြား ပျက်ကွက်တာဖြစ်တယ်လို့ ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
“ကိုဝေဠုကျော်က ဒီနေ့ လူကယ်ပြန်ဝန်ကြီးဌာနက အစည်းအဝေးတခု ဖိတ်ထားလို့ အစည်းအဝေးသွားတက် နေရတာကြောင့် ရုံးချိန်း မတက်ဘူး။ အဲဒါကြောင့် တရားရုံးကို ခွင့်တင်တယ်”လို့ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
ခွင့်တင်ထားသော်လည်း အမှုကြန့်ကြာမှု မရှိစေရန်အတွက် ရှေ့နေက တာဝန်ယူ စစ်ဆေးခွင့်ရှိတဲ့အတွက် စစ်ဆေးမယ် ပြောခဲ့ပေမယ့် တရားလိုဖြစ်သူရဲ့ရှေ့နေမှ ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
“ခွင့်တင်တဲ့အခါမှာ အမှုကြန့်ကြာမှု မရှိအောင်လို့ ကိုဝေဠုကျော် မရှိပေမယ့်လည်း ရှေ့နေကနေ တာဝန်ယူစစ်ဆေးခွင့် ရှိတဲ့အတွက် ကျနော်တို့ ဆက်လက် စစ်ဆေးမယ် ပြောပေမယ့် တဖက်က တရားလို (သင်းသင်း)ရဲ့ ရှေ့နေက ထုံးတမ်း အစဉ်အလာလို ဖြစ်သွားမယ်ဆိုပြီး ကန့်ကွက်တဲ့အတွက် မစစ်ဆေးဖြစ်ဘူး” လို့ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
တရားလိုဖြစ်သူဘက်မှ ဝေဠုကျော်ဘက်မှ ရုံးချိန်းပျက်ကွက်တဲ့အတွက် စောင့်ဆိုင်းရတာတွေ ရှိတဲ့အပေါ်မှာလည်း ပြန်လည် ပြောပြခဲ့ပါတယ်။
“ရုံးချိန်းပျက်မယ်၊ မပျက်ဘူးဆိုတာ ပုံသေပြောလို့မရဘူး။ လူတိုင်းမှာ သာရေးဆိုတာ ရှိတယ်။ နာရေးဆိုတာ ရှိတယ်။ အဲဒါမျိုးပေါ့။ ရုံးချိန်း ထပ်မပျက်တော့ဘူးလား ဆိုတာတော့ ပြောလို့မရဘူး။ တတ်နိုင်သလောက်တော့ လာနေမှာပဲ။ အရေးကိစ္စ ရှိလာခဲ့ရင်တော့ သွားရမှာပါ။ ပျက်တာ ၅ ချိန်းရှိတာတော့ ဟုတ်ပါတယ်”
“၅ ချိန်းရှိရှိ၊ ၆ ချိန်းရှိရှိ တဖက်မှာ ခွင့်မပြုချက်တောင်းနေတာ မဟုတ်ဘူး။ တရားရုံးက ခွင့်စာမှာရေးထားပြီးသား ပျက်ကွက်မှုကို ခွင့်ပြုပေးပါရန်ဆိုပြီး တရားရုံးကို ခွင့်တောင်းတာ တရားရုံးကလည်း ခွင့်ပြုတယ်” လို့ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
တရားလိုဖြစ်သူ သင်းသင်းမှ “ဒီနေ့အခြေအနေကတော့ ဝေဠုကျော်က အစည်းအဝေးရှိလို့ဆိုပြီး ခွင့်တင်သွားပါတယ်။ တရားရုံးကလည်း ခွင့်တင်တဲ့ကိစ္စကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားတာပါ။ ကိုယ်သိသလောက်ကတော့ သူပျက်တာ ၅ ချိန်းလောက် ရှိပါပြီ။ ကျမကတော့ နစ်နာသူ တရားလိုအနေနဲ့ တချိန်းမှ မပျက်သေးပါဘူး။ သူတို့ဘက်ကတော့ မြန်မြန်ပြီးချင်တယ် ပြောနေပေမယ့် ပျက်နေတာက သူတို့ဘက်ကပဲဖြစ်နေပါတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိတော့ အမှုအတွက်တရားလိုဘက်မှ တင်သွင်းထားတဲ့အသံဖိုင်များကို စစ်ဆေးနေဆဲဖြစ်ပြီး ရုံးချိန်းတချိန်းမှာ အချိန် ၂ နာရီခန့် အသံဖိုင်များ ဖွင့်လှစ်နားထောင်ပါက မြန်မြန်ပြီးဆုံးနိုင်တယ်လို့ သိရပါတယ်။
“နောက်ရုံးချိန်းတွေမှာကတော့ သူတို့ဘက်က အသံဖိုင် နားထောင်ဖို့ပဲ ရှိပါတယ်။ တချိန်းကို အသံဖိုင် ၂ နာရီလောက် နားထောင်လိုက်မယ်ဆိုရင် တော်တော် ခရီးရောက်သွားပါမယ်”လို့ ဝေဠုကျော်ရဲ့ရှေ့နေဖြစ်သူ ဦးဝေဖြိုးမြတ်က ပြောပါတယ်။
အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ အလှမယ် သင်းသင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You May Also Like These Stories:
“အသံဖိုင်တွေကို ပရိသတ်တွေ လွတ်လပ်စွာ နားထောင်လို့ ရပါတယ်”လို့ သင်းသင်းပြော
“ကျမက တရားလိုအဖြစ် တိုင်ထားတာဆိုတော့ ကိုယ့်ရဲ့တာဝန်ကျေအောင်လုပ်တယ်”