Entertainment

အာမခံ သိန်း ၅၀ နဲ့ ပြန်လွတ်မြောက်ခဲ့တဲ့ သရုပ်ဆောင် လင်းလက်ဟိန်း

ပတ်ဝန်းကျင်မှာ ဆူပူရမ်းကားပြီး တာဝန်ရှိသူကို အန္တရာယ်ဖြစ်အောင် တုန့်ပြန် တိုက်ခိုက်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ ဖြင့် အရေးယူခံထားရတဲ့ သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ အောက်တိုဘာ ၁၇ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ အာမခံ သိန်း ၅၀ ဖြင့် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီအမှုအတွက် အောက်တိုဘာလ ၁၇ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ချုပ်ရက် တရက်ထပ်မံရယူခဲ့ပြီး အဆိုပါနေ့ ညနေမှာပင် အာမခံဖြင့် လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ သိရပါတယ်။

“အောက်တိုဘာ ၁၇ ရက်နေ့က သိန်း ၅၀ နဲ့ ရဲကအာမခံပေးပြီး လွှတ်လိုက်တာပါ။ ပုဒ်မ ၂ ခုနဲ့ စွဲချက်တင်ထားပါတယ်”လို့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ လင်းလင်ဟိန်းအား စွဲချက်တင်ထားတဲ့ ပုဒ်မများကတော့ ရာဇသတ်ကြီးပုဒ်မ ၃၃၂ ၊ ပုဒ်မ ၃၅၂ တို့ဖြင့် စွဲချက်တင်ကာ တရားရင်ဆိုင်ရမှာပဲဖြစ်ပြီး အာမခံပေးလိုက်တာကတော့ ပုဒ်မ ၃၀၇ ဖြင့် အာမခံပေးခဲ့တာဖြစ်ပါတယ်။

လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက် နံနက် ၅ နာရီခွဲခန့်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း ရပ်ကွက်နေပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ရာ လင်းလက်ဟိန်းမှ လက်နက် မချဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးကို ကတ်ကြေးဖြင့်ပြေးထိုးခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး လင်းလက်ဟိန်းရဲ့တုန့်ပြန်မှုကြောင့် ရဲတပ်ဖွဲ့ဝင်က အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့အောက်ပိုင်းကို တချက် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် သရုပ်ဆောင် လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ) ၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ဖြင့် အမှုဖွင့်ထားခဲ့ပြီး ယခုအာမခံနဲ့ လွတ်မြောက်ခဲ့သော်လည်း ပုဒ်မ ၂ ခုဖြင့် ဆက်လက် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ကာ အောက်တိုဘာ ၃ ရက်နေ့၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်မှာ ရုံးထုတ် ရမန်ယူခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့မှာ တရက် ထပ်မံ ရမန်ရယူခဲ့ရာမှ အာမခံ ရရှိခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

သရုပ်ဆောင် လင်းလက်ဟိန်းရဲ့ အမှု ရမန်ကာလ ၁ ရက် ထပ်တိုး

“ဥပဒေအသစ်အရ လင်းလက်ဟိန်းကို အရေးယူလို့ မရဘူး”လို့ သင်္ဃန်းကျွန်း ရဲတပ်ဖွဲ့မှူး ပြော

Loading