ဇာတ်ပို့ သရုပ်ဆောင် K ညီက မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အဖြစ် တာဝန်ယူထားတယ်လို့ ဆိုလိုက်ပါတယ်။
“ကျနော်က အောင်လအန်ဆန်ပွဲတွေကို အရမ်းကြိုက်တယ်။ သူနိုင်တော့လည်း အရမ်းဝမ်းသာရတယ်။ သားငယ်လေးက အစ သူကိုအားပေးတာ”
“ကျနော်ကိုယ်တိုင်ကလည်း လက်သီးတောင် ဖြောင့်အောင်မထိုးတတ်တာ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ရဲ့ အမှုဆောင်ပါ။ ကျနော်ရယ် ကိုမြင့်မြတ်ရယ်၊ ဝင်းထွန်းထွန်းရယ်ကို အလုပ်အမှုဆောင်အနေနဲ့ ထည့်ပေးထားတယ်။ ကျနော်တို့က တထောင့်တနေရာကနေ ပံ့ပိုးဖို့ပါ။ သူတို့ပွဲတွေ ကြော်ငြာပေးတာတို့၊ ရန်ပုံငွေရှာပေးတာတာတွေ ကူညီလို့ရအောင်လို့ပါ”လို့ K ညီက ဆိုပါတယ်။
လက်ဝှေ့ပညာနဲ့ပတ်သက်ပြီး သားဖြစ်သူကိုလည်း သင်ကြားခိုင်းထားတယ်လို့လည်း ဆိုပါတယ်။
“သားနှစ်ယောက်မှာ အငယ်ကောင်ကို လက်ဝှေ့သင်ပေးမယ်။ အကြီးကောင်ကတော့ ပန်းချီကို ဝါသနာပါတယ်။ အငယ်ကောင်ကတော့ ကျနော်နဲ့တူတယ်။ သားနှစ်ယောက်မှာ တယောက်က အနေအေးတယ်။ အငယ်ကောင်ကတော့ နည်းနည်းသွက်တယ်”
“ သားတွေကိုမင်းသားတော့ ဖြစ်စေချင်တယ်။ အနုပညာလုပ်မလားဆို မလုပ်ကြဘူးဆိုတာတွေကြီးပဲ။ အခုလို ငယ်တုန်းတော့ အနုပညာတွေ မလုပ်စေချင်ဘူး။ ပညာရေးမှာ အားနည်းသွားမှာစိုးတယ်။ သူတို့ကို ကြီးလာလို့ အနုပညာဝါသနာပါလည်း ပံ့ပိုးပေးမှာပါ”လို့ Kညီက ပြောပါတယ်။
အနုပညာလှုပ်ရှားမှုအနေနဲ့ “အကြင်နာမြစ်ဖျား”ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။
“အကြင်နာ မြစ်ဖျား” ကားထဲမှာ ကျနော်က ခင်ဝင့်ဝါကို လိုက်ပြီး ကြိုက်တဲ့ သူတယောက်အနေနဲ့ ပါထားတယ်။ အမှတ်တရတွေကတော့ တပိုင်းကို သုံးလေးရက်လောက် ရိုက်လိုက်ရတယ်။ ကျနော်မင်းသမီးကို ရိုမယ့် အချိန်မိုးက အုံ့လာတယ်။ မိုးကရွာသွားလို့ ရှုတင်ပျက်သွားတာ အမှတ်တရပါပဲ”
“ ဇာတ်လမ်းတွဲသိပ်မရှိသေးတော့ MRTV – 4 မှာ ပြမှာဆိုတော့ ဝမ်းသာပါတယ်။ ကျနော်လတ်တလောမှာတော့ “စစ်ကား”နဲ့ “Players” ဇာတ်ကားလေးရိုက်နေတယ်။ “အိပ်မက်တွေ မိုးထားတဲ့အိမ်”ကိုလည်း ရိုက်နေပါတယ်”လို့ K ညီက ပြောပါတယ်။
ဇာတ်ပို့သရုပ်ဆောင် ကေညီကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အဓိက သရုပ်ဆောင်တွေရဲ့ အစ်ကို၊ သူငယ်ချင်း ကာရိုက်တာတွေကနေ တဆင့် ပရိသတ်တွေ အားပေးလာတာဖြစ်ပါတယ်။ ဟာသဇာတ်ကား တွေမှာ လည်း မပါမဖြစ် ဟာသသရုပ်ဆောင်တဦးဆိုရင်လည်း မမှားပါဘူး။