ဖိလစ်ပိုင်မော်ဒယ် Sinon Loresca နဲ့ “လူထဲက လူ”ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာ ကိုပေါက်က မြန်မာနိုင်ငံက အလှဆုံးနေရာတွေကို မော်ဒယ်နဲ့အတူ ရိုက်ပြသွားမှာဖြစ်ပြီး Sinon က ရိုးရှင်းပြီး ချစ်ဖို့ကောင်းတယ်လို့လည်း ဆိုပါတယ်။
“မင်းသမီး ပက်ထရစ်ရှာက Tourist Guide ပေါ့။ သူက ဧည့်သည်ပေါ့။ သူနဲ့မြန်မာပြည်က အလှဆုံးနေရာတွေကို မင်းသမီးနဲ့ သွားတဲ့အခန်းတွေ ရိုက်မယ်။ Sinonက သရုပ်ဖို့ သိပ်မပြောရဘူး။ အဆင်ပြေတယ်။ ကျနော်ဘယ်လို လိုချင်တယ် ဆိုတာကအစ သူသိတယ်။ အဲ့အတွက် အဆင်ပြေပါတယ်။ သူလက်ရှိနေတဲ့အတိုင်းပဲ ပါဝင်သွားမှာပါ”
“Siinon ကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတုန်းက သူရိုက်ရမယ့် မင်းသားက ဘယ်သူလဲပေါ့။ မြင့်မြတ်ပြချိန်မှာ သူက သဘောကျ တယ်။ လက်ခံလိုက်တယ်။ ဆီဒိုးနားမှာ ချိန်းပြီး စကားပြောချိန်မှာ သူက ချစ်ဖို့ကောင်းတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ချေမိုးတာတွေ မရှိဘူး။ ကားရိုက်တော့လည်း သူ့ကိုစောင့်ရတာမရှိဘူး။ သူနဲ့ရိုက်ရတာ အရမ်းအဆင်ပြေတယ်။ သူက ချစ်ဖို့ကောင်းတယ်”လို့ ကိုပေါက်က ပြောပါတယ်။
“လူထဲက လူ” ဇာတ်ကားကို ရိုက်ကူးပုံဖော်သွားမယ့် ဒါရိုက်တာကိုပေါက်က ဇာတ်လမ်းရေးဖြစ်ပုံ နဲ့ ပတ်သက်ပြီး မီဒီယာတွေကို အခုလိုပြောပြပါတယ်။
“ကျနော်ဖေ့စ်ဘုတ်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သွားတာလေး တွေ့လိုက်ရတယ်။ လူတယောက်ကို ဓားနဲ့ ထိုးသတ်တာ မဟုတ်ဘဲ ပါးစပ်နဲ့ သတ်လိုက်တာ လူတယောက်သေသွားတယ်။ ကိုယ်ချင်းစာစိတ် မရှိကြတာပေါ့။ စောင့်ကြည့်မယ်၊ပြီးရင် လူတယောက်အပြစ်ပြောလိုက်တာနဲ့ လိုက်ပြီး အပြစ်ပြောကြတယ်”
“ အဲ့နေရာမှာ ငါဆိုရင်ရောဆိုတဲ့ စိတ်လေး သွင်းလိုက် ရင် ကောင်းသွားမှာ အခုလိုပြောလိုက်ကြလို့ သေသွားရတာ မတန်ဘူးလို့မြင်တယ်။ ဒါနဲ့ ဒီဇာတ်လေး ရေးဖြစ်သွား တယ်”
“ ကျနော် ဒီဇာတ်လေးရေးပြီးသွားချိန်မှာ ပရိုဂျူဆာတွေ ဖိလစ်ပိုင်မော်ဒယ် Sinon ကို ဘယ်နေရာက ထည့်လို့ရမလဲပေါ့။ ထည့်ချင်တယ်ဆိုတော့ သူနဲ့လည်း လိုက်မယ့် နေရာကို ပြန်ပြင်ပြီး ထည့်လိုက်တယ်။ ကျနော်အဓိက ဒီကားမှာ လူသားအချင်းချင်း စာနာထောက်ထားတဲ့ စိတ်လေးမွေးနိုင်မယ့် စိတ်မျိုး၊ ဒီကားလေးကြည့်ပြီး ပေးချင်တာပေါ့”လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။
ဒါရိုက်တာကိုပေါက် ကရိုက်ကူးမယ့် “လူထဲကလူ” ဇာတ်ကားကို သရုပ်ဆောင်မြင့်မြတ်၊ ရဲအောင်၊ အောင်လေး၊ စိုးမြတ် သူဇာ၊ ပက်ထရစ်ရှာ၊ စိုးမိုးကြည်၊ Sinon Loresca နှင့် အခြားသရုပ်ဆောင်များ စွာပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
You May Also Like These Stories:
“စစ်ကား”ရုပ်ရှင်ကို ဟာသနဲ့ စွန့်စားခန်းပုံစံ ရိုက်ကူးမယ့် ဒါရိုက်တာ ကိုပေါက်
၁ လအတွင်း ရိုက်ကူးပြီးစီးခဲ့တဲ့ “ဇာတ်လိုက်” ရုပ်ရှင်အကြောင်း ပြောပြတဲ့ ဒါရိုက်တာ ကိုပေါက်