Entertainment

မိသားစုနဲ့ အနုပညာအလုပ်ကို အချိန်မျှပြီးပေးနေရတဲ့ မြတ်ရတနာကျော်

အနုပညာကိုလည်း အချိန်ရရင်ရသလို လုပ်ကိုင်နေတဲ့ မော်ဒယ် မြတ်ရတနာကျော်က အခုချိန်မှာ သမီးလေး မွေးထားတဲ့အတွက် အနုပညာနဲ့ သမီးဖြစ်သူကို အချိန်မျှပြီး ပေးဖြစ်တယ်လို့ ဆိုပါတယ်။

“ မြတ်ပွဲတက်တွေလည်း အရမ်းမရှိဘူး။ Vlog တွေလည်း ကြုံမှ သွားရိုက်တာဆိုတော့ အိမ်မှာ သမီးလေးနဲ့ တူတူနေဖြစ် တယ်။ သူစားတာသောက်တာလည်း ကိုယ်ပဲ စီစဉ်ပေးရတယ်။ သမီး ကိစ္စတွေအကုန်လုံး မြတ်ကိုယ်တိုင်ပဲ လုပ်ပေးတယ်။ အချိန်ရရင်လည်း ရသလိုတော့ အနုပညာကို လုပ်တယ်။ မြတ်မိသားစုရော အလုပ်အတွက်ရော အချိန်တော့ မျှအောင် လုပ်ပါတယ်” လို့ မြတ်ရတနာကျော်က ဆိုပါတယ်။

အိမ်ထောင်ကျပြီးနောက် အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ပေမယ့်Facebook ပေါ်မှာတော့ Page တခုဖွင့်ထားပြီး ဒီပေါ်မှာ ထူးထူးခြားခြားအိုင်ဒီယာတွေနဲ့ ပရိသတ်ကို တင်ဆက်မှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“မြတ်တို့ ရဲ့ Our Travel Diries လေးလည်း လုပ်နေတယ်။ ဒီPage လေးဖွင့်တာလည်း တနှစ်ကျော်ကျော်ထဲကို ရောက်နေပြီ။ တနှစ်နဲ့ တနှစ် အိုင်ဒီယာတွေ မတူအောင် အမြဲတမ်းဆန်းသစ် နေအောင်ကြိုးစားတယ်။ ပြည်တွင်းတွေရော ပြည်ပတွေရော သွားဖို့လည်းရှိပါတယ်။ အစီအစဉ်တွေတော့ ကို Ah boy ပဲ စဉ်းစားတာများပါတယ် ”လို့ မြတ်ရတနာကျော် ကပြောပါတယ်။

မော်ဒယ် မြတ်ရတနာကျော် / ချစ်ပိုး/ဧရာဝတီ

ချစ်စရာသမီးလေးကို ပိုင်ဆိုင်ထားတဲ့ မြတ်ရတနာကျော်က သမီးလေးက ခင်ပွန်းဖြစ်သူ Ah boy နဲ့ ဒေါသကြီးတွေ ရုပ်ချင်းဆင်တာတွေတူတယ်လို့လည်း ဆိုပါတယ်။

“သမီးအကျင့်တွေ ပုံစံတွေက သူ့အဖေနဲ့ ပိုတူသလိုခံစားရတယ်။ ဒေါသကြီးတွေ ရုပ်ချင်းဆင်တာတွေက သူ့အဖေနဲ့ ပိုတူတယ်။ သမီးက သီချင်းဖွင့်ပြီး နားထောင်ရတာတော့ကြိုက်တယ်။ ကားတွေ စီးရင်တော့ သီချင်းအမြဲဖွင့်ထားပေး ရတယ်။ သမီးက အဖေကို ချစ်တယ်။ နှစ်ယောက်ယှဉ်ပြီးခေါ်ရင်တောင် သူ့အဖေဆီပဲ သွားတယ်”

“သမီးကိုတော့ ပညာတတ်ပြီး ဘုရားတရားသိတတ်တဲ့ လိမ္မာတဲ့ သမီးလေးဖြစ်စေချင်တယ်။ သမီးက အနုပညာ ဝါသနာပါတယ်ဆိုလည်း နောက်ကနေ ပံ့ပိုးပေးမှာပါ။ မိန်းကလေးမှ မဟုတ်ပါဘူး။ မိန်းကလေးရော ယောကျာ်းလေးရော ငယ်ကတည်းက မိဘဆုံးမမှုအောက်မှာ နာခံမယ်ဆိုရင် စိုးရိမ်စရာ သိပ်မရှိပါဘူး။ အရင်တုန်းကလည်း မြတ်ကိုချစ်ပေးကြ တယ်။ အခု မိသားစုတခုလုံးကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်”လို့ မြတ်ရတနာကျော် ကပြောပါတယ်။

မြတ်ရတနာကျော်ဟာ အဆိုတော် Ah Boy နဲ့ ၂၀၁၇ ခုနှစ် လက်ထပ်ခဲ့ကြပြီး ၂၀၁၈ မှာတော့ သမီးလေး Scarlett ကိုမွေးဖွားခဲ့တာပါ။

Loading