Disney ကနေ ဖြန့်ချိပြီး မင်းသမီး အန်ဂျလီနာဂျိုလီ ပါဝင်ထားတဲ့ “Maleficent: Mistress Of Evil” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ခန့်မှန်းထားတာထက် လျော့နည်းပြီး ဒေါ်လာ ၃၆ သန်း ရရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Maleficent” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို ပုံဖော်ရာမှာ ကုန်ကျစရိတ် ဒေါ်လာ ၁၈၅ သန်း ရှိခဲ့ပါတယ်။
မူလရုပ်ရှင်တုန်းကတော့ ပွဲဦးထွက် ဝင်ငွေက ဒေါ်လာ ၆၉ သန်းတောင် ရရှိခဲ့တာကြောင့် အရင်ရုပ်ရှင်နဲ့ စာရင် အခုရုပ်ရှင်က ပွဲဦးထွက် ဝင်ငွေ ထက်ဝက်လောက် လျော့နေတာကို မြင်တွေ့ရပါတယ်။
ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက်ဖြစ်တဲ့ Rotten Tomatoes မှာ အကောင်းမြင်မှတ်ချက် ၄၁ ရာခိုင်နှုန်းပဲရှိပေမယ့် ပရိသတ်အားပေးမှုက ၉၅ ရာခိုင်နှုန်းရှိနေတာကြောင့် နောက်လာမယ့် သီတင်းပတ်တွေမှာ ဝင်ငွေ တိုးတက်ကောင်းမွန်လာနိုင်တယ်လို့ Disney ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချိရေး ဥက္ကဋ္ဌ Cathleen Taff က ယူဆထားပါတယ်။
ဒါပေမယ့် “Maleficent: Mistress of Evil” ရုပ်ရှင်ဟာ နိုင်ငံတကာဈေးကွက်တွေကနေ ဒေါ်လာ ၁၁၇ သန်း ရရှိထားတာကြောင့် ကမ္ဘာတဝန်းမှာ ဝင်ငွေ ဒေါ်လာ ၁၅၃ သန်း ရရှိထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ဆက်တိုက် နံပါတ် ၁ နေရာမှာ ရှိနေခဲ့တဲ့ “Joker” ရုပ်ရှင်ကတော့ တတိယမြောက် ရုံတင်သီတင်းပတ်မှာ ဝင်ငွေ ဒေါ်လာ ၂၉ ဒဿမ ၂ သန်းရရှိခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မြောက်အမေရိကဒေသ ဝင်ငွေမှာတော့ ဒေါ်လာ ၂၄၇ သန်းရရှိထားပြီး ဖြစ်ပါတယ်။
အခုသီတင်းပတ်မှ စပြီး ရုံတင်တဲ့ “Zombieland 2: Double Tap” ကတော့ ဒေါ်လာ ၂၆ ဒဿမ ၇ သန်း ဝင်ငွေနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ “The Addams Family” ရုပ်ရှင်ကတော့ ဒုတိယ ရုံတင်သီတင်းပတ်မှာ ဒေါ်လာ ၁၆ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
မင်းသား Will Smith ရဲ့ “Gemini Man” ရုပ်ရှင်ကတော့ဒေါ်လာ ၈ ဒဿမ ၅ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ မြောက်အမေရိကဒေသမှာ သီတင်းနှစ်ပတ်ပေါင်းဝင်ငွေဟာ ဒေါ်လာ ၃၆ ဒဿမ ၅ သန်း အထိ ရရှိထားပြီး ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
ကလေးတွေနဲ့အတူ ‘Dumbo’ ရုပ်ရှင်အထူးပွဲကို တက်ခဲ့တဲ့ အန်ဂျလီနာဂျိုလီ
Marvel စူပါဟီးရိုးရုပ်ရှင်မှာ သရုပ်ဆောင်ရန် အန်ဂျလီနာဂျိုလီ ဆွေးနွေးနေ
“Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ