နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့တုန်းက သူ့ရဲ့ အိမ်ရှေ့ကိုရောက်နေတဲ့ ပရိသတ်တွေကို ထွက်မတွေ့နိုင်ခဲ့တဲ့အကြောင်း Twitter မှာပြောဆိုခဲ့ပါတယ်။
မင်းသားကြီး အမီတာဘဂျမ်းက “ကျနော် နလန် ပြန်ထူလာပါပြီ။ ဒါပေမယ့် တနင်္ဂနွေနေ့ (အောက်တိုဘာလ ၂၀ ရက်နေ့) အထိ သူတို့ (ပရိသတ်တွေ) လာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ထွက်မတွေ့နိုင်ခဲ့လို့ တောင်းပန်ပါတယ်”လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
ပြီးတော့ မင်းသားကြီးကို တွေ့ရဖို့ တနင်္ဂနွေနေ့တိုင်း မွမ်ဘိုင်းမြို့မှာရှိနေတဲ့ နေအိမ် အပြင်ကို ရောက်လာလေ့ ရှိတဲ့ ပရိသတ်တွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း ဝေမျှခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အသည်းရောဂါခံစားနေရတဲ့ မင်းသားကြီးဟာ Nanavati Super Speciality ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံရဲ့ ကိုယ်စားလှယ်တဦးကတော့ ပုံမှန်ကျန်းမာရေး စစ်ဆေးတာသာ ဖြစ်တယ်လို့ Hindustan Times မီဒီယာကို ပြောဆိုခဲ့ပါတယ်။
မွမ်ဘိုင်းမြို့မှာရှိတဲ့ Nanavati ဆေးရုံ သတင်းရင်းမြစ်တခုက မင်းသားကြီးဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့် ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဆေးရုံတက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့ မနက် ၂ နာရီလောက်မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာပေါ်ပေါက်လာတာကြောင့် စစ်ဆေးမှုကို လုပ်ဆောင်ခဲ့ ရတယ်လို့လည်း ဆိုပါတယ်။
အနားယူဖို့နဲ့ နောက်ရက်အနည်းငယ်ကြာအထိ အိမ်မှာ ပြန်နေဖို့ အကြံပေးထားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် မင်းသားကြီးရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို လေးစားတဲ့အနေနဲ့ အများကြီး ထုတ်မပြောနိုင်ပါဘူးလို့ အဲ့ဒီသတင်းရင်းမြစ်က ဆိုပါတယ်။
မင်းသားကြီး ဘဂျမ်းဟာ အသည်းရောဂါကုသမှုကို ခံယူနေရတယ်လို့ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် အဲ့ဒီသတင်းတွေဟာ အမှန်မဟုတ်ကြောင်း၊ ဆေးရုံမှာ ရှိနေဆဲဖြစ်ပြီး ဘယ်အချိန်မှ ဆေးရုံကနေ ဆင်းရမယ်ဆိုတာကို မသိတဲ့အကြောင်းလည်း အဲ့ဒီသတင်းရင်းမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ မင်းသားကြီးဟာ ဆေးရုံကနေ ဆင်းခဲ့ပြီး ဇနီးဖြစ်သူ မင်းသမီးကြီး ဂျာယာဘဂျမ်း၊ သားဖြစ်သူ မင်းသား Abhishek တို့နဲ့အတူ ရှိနေတာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ မင်းသားကြီးဟာ ထွက်ပေါ်နေခဲ့တဲ့ ကောလာဟလသတင်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောဆိုခဲ့သလို သူတို့မိသားစုရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို လေးစားပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။
မင်းသားကြီးဟာ ၁၉၈၃ ခုနှစ်က “Coolie” ရုပ်ရှင် ရိုက်ကူးရေးမှာ မတော်တဆ ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် အသည်းရောင်အသားဝါ ဘီပိုးတွေ့ခဲ့ရတဲ့အချိန်ကနေ အသည်းရောဂါကို ကာလကြာရှည်ခံစားနေခဲ့ရသူ လည်း ဖြစ်ပါတယ်။
Ref: hindustantimes