MRTV-4 ရုပ်သံလိုင်းကနေ မကြာခင် ပြသမယ့် “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး အဲဒီ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ သားညီက ရိုက်ကူးစဉ်က အခက်အခဲများအကြောင်း အခုလိုပဲ ပြောပါတယ်။
“ဇာတ်လမ်းကို စတည်ဆောက်ကတည်းက တပ်မတော်သားနှစ်ယောက် ဘဝအကြောင်းကို ရိုက်မယ်ဆိုပြီးမိုးယံဇွန် ယူလာတဲ့ ဇာတ်လမ်းပေါ့။ ရိုက်နေရင်း တဝက်လောက် ရောက်ချိန်မှာ ရိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်တော့ ရိုက်ကူးမှုကို ခဏ ရပ်လိုက်ရတယ်။ ဇာတ်လမ်းကို အကောင်းဆုံး ဘယ်လို ပြန်လည်တည်ဆောက်ကြမလဲ။ အချိန် ၂ လ၊ ၃ လလောက် ရပ်သွားပြီး ဇာတ်ကို အသစ် ပြန်တည်ဆောက်ပြီး ရိုက်ရတာပေါ့”
“တည်ဆောက်ထားတဲ့ ဇာတ်လည်း နည်းနည်းယူတယ်။ အသစ်တွေလည်း ထပ်ထည့်တယ်။ ကျနော့် ဘဝမှာ ရိုက်ကူးခဲ့သမျှထဲမှာ အခက်အခဲဆုံး ဇာတ်လမ်းတွဲပါ။ ကာရိုက်တာတွေလည်း ပြောင်းသွားတော့ ပထမစီစဉ်ထားတဲ့ အဝတ်အစား ဒီဇိုင်းတွေ တော်တော်လေး ကိုက်ညီအောင် ပြန်လုပ်ရတယ်။ တခြားဇာတ်လမ်းတွဲတွေဆို ကျနော် ရိုက်ရင် ၃ လ၊ ၄ လလောက်ဆို ပြီးတယ်။ ဒီဇာတ်လမ်းတွဲက ရိုက်လိုက် ရပ်သွားလိုက်၊ ရိုက်လိုက် ရပ်သွားလိုက်နဲ့ ကြာသွားတာ။ တော်တော်ကို ပြင်ဆင်ညှိနှိုင်းပြီး ရိုက်ရတဲ့ ဇာတ်လမ်းတွဲပါ”လို့ သားညီက ပြောပါတယ်။
သရုပ်ဆောင်အသစ်တွေကို ရိုက်ကူးရတာနဲ့ အဟောင်းတွေကို ရိုက်ကူးရတဲ့ ကွာခြားချက်ကိုလည်း ဒါရိုက်တာ သားညီက အခုလို ပြောပြထားပါတယ်။
“သရုပ်ဆောင်သစ်တွေနဲ့ ရိုက်ရတာ အမျိုးမျိုး ရှိတာပေါ့နော်။ စူပါတွေ ပါတဲ့ ဇာတ်လမ်းတွဲဆိုရင် ဘယ်လို ဇာတ်လမ်းပဲ ဖြစ်ဖြစ်ကြည့်မယ် ဆိုတာမျိုးပဲပေါ့။ အသစ်တွေနဲ့ ရိုက်တဲ့အခါ ကိုယ့်ဇာတ်က သူတို့ကို ဘယ်လောက်အထိ ဆွဲဆောင်နိုင်မလဲပေါ့။ ကိုယ့်ဇာတ်လမ်းတွဲက ဆွဲဆောင်နိုင်ရင်တော့ အသစ်ရယ် အဟောင်းရယ် မဟုတ်ပါဘူး။ ပရိသတ်က အားပေးကြပါတယ်”
“ဇာတ်လမ်း တင်ဆက်မှု ကောင်းရင် အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် ပရိသတ်တွေက ကြည့်ကြပါတယ်။ နောက်ထပ် ဖန်တီးသွားမှာတွေကတော့ အွန်လိုင်းကနေပြမယ့် ‘အခြားမဲ့၌’ သရဲဇာတ်လမ်းတွဲ ရိုက်ဖို့ရှိပါတယ်။ ကျနော်က ဇာတ်လမ်းတွဲတွေ အရိုက်များတော့ ကျနော် ဇာတ်လမ်းတွဲကိုလည်း အားပေးကြပါ။ အကြင်နာမြစ်ဖျား ကားလေး MRTV-4 ကနေ ပြမှာမို့ ရင်ခုန်နေပါတယ်”လို့ သားညီက ပြောပါတယ်။
သားညီကတော့ ယခုနောက်ပိုင်းမှာ သရုပ်ဆောင် တယောက်အနေနဲ့ တွေ့ရတာ နည်းပါးလာခဲ့ပြီး ဒါရိုက်တာတယောက် အနေနဲ့ ရုပ်ရှင်ဇာတ်ကားများ ၊ ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးလျက် ရှိပါတယ်။
ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲကိုတော့ အောက်တိုဘာ ၂၃ ရက်နေ့ မှစတင်ပြီး MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မိုးယံဇွန်၊ ထူးအောင်၊ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်းနဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“ကျနော့်ထက် သိပြီး၊ တော်တဲ့ တတ်တဲ့သူတွေဆီက အမြဲ တပည့်ခံတယ်”
အကြင်နာ မြစ်ဖျား” ဇာတ်လမ်းတွဲမှာ ဒုရဲအုပ်အဖြစ် သရုပ်ဆောင်ထားတဲ့ ထူးအောင်
“ဖြိုးငွေစိုးက သရုပ်ဆောင် အမူအရာ ပိုကောင်းလာတယ်”လို့ သားညီပြော