ကမ္ဘာကျော် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာကြီး စတီဖင်ကင်း (Stephen King) နဲ့သူ့ရဲ့ ဇနီးတို့ဟာ Maine ပြည်နယ်မှာရှိတဲ့ သူတို့ရဲ့ အိမ်ကြီးကို ကိုယ်ကျိုးမဖက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့နေရာမှာ အသုံးချဖို့ Bangor City ကောင်စီကနေ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ခွင့်ပြုချက်ရရှိခဲ့ပြီလို့ သိရပါတယ်။
Rolling Stone မီဒီယာရဲ့ ဖော်ပြချက်အရ အဲ့ဒီသမိုင်းဝင်အိမ်ကြီးဟာ စာရင်းသွင်းချိန်းဆိုထားမှသာ အကန့်အသတ်နဲ့ လာရောက်လည်ပတ် ခွင့်ရှိတဲ့ နေရာတခုအဖြစ် ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် လူတွေ လာရောက်လည်ပတ်နိုင်တဲ့ အဲ့ဒီအိမ်ကြီးကို စာရေးဆရာကြီး နားခိုတဲ့ ရိပ်သာတခုအဖြစ်လည်း ပုံဖော်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြို့တော် ကောင်စီဝင်တဦးဖြစ်တဲ့ Ben Sprague က “ဆရာကြီး ကင်းတို့ မိသားစုဟာ Bangor မြို့အတွက် အချိန်အကြာကြီး အံ့သြမင်သက်စေခဲ့သူတွေ ဖြစ်ပါတယ်။ ပြီးတော့ လူမှုအသိုက်အဝန်းတွေထဲမှာ အကြောင်းပေါင်းစုံအတွက် ဒေါ်လာ သန်းနဲ့ချီ လှူဒါန်းခဲ့သူတွေလည်း ဖြစ်ပါတယ်။ Bangor မှာရှိတဲ့ သူ့ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ ဒီလူမှုအသိုင်းအဝန်းအတွက်အရေးကြီးပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
ဆရာကြီးကင်းရဲ့ အိမ်ကြီးတည်ရှိရာနေရာက ဒေသခံတွေ စိတ်ညစ်ညူးမှုမရှိစေဖို့အတွက် ကမ္ဘာလှည့် ခရီးသည်တွေ အုပ်စုလိုက်လာရောက်လည်ပတ်မှုကို ကန့်သတ်ဖို့လည်း ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီးတဲ့နောက်မှာတော့ 47 West Broadway မှာရှိတဲ့ အနီရောင်အုတ်တိုက် အဆောက်အဦဟာ သည်းထိတ်ရင်ဖို ကြိုက်တဲ့ ပရိသတ်တွေအတွက် ဆွဲဆောင်ရာနေရာတခုဖြစ်လာခဲ့ပြီး တောင်ပံပါ သတ္တဝါတွေ၊ ပင့်ကူအိမ်တွေနဲ့ အလှဆင်ထားတဲ့ သံပန်းတံခါးအရှေ့မှာ ဓာတ်ပုံလာရောက် ရိုက်ကူးမှုတွေလည်း ရှိခဲ့ပါတယ်။
ရှေ့နေရဲ့အဆိုအရ ကင်းတို့ ဇနီးမောင်နှံဟာ မကြာသေးခင်နှစ်တွေကစလို့ Bangor မှာနေထိုင်ခြင်း မရှိတော့ဘဲ Florida နဲ့ Maine ပြည်နယ်က Oxford County တို့မှာပဲ သွားလာနေထိုင်နေခဲ့ကြတယ်လို့ သိရပါတယ်။ ဆရာကြီးဟာ သူနေထိုင်ခဲ့တဲ့ Bangor မြို့ကို ၁၉၈၆ ခုနှစ်မှာ ရောင်းအားအကောင်းဆုံးဝတ္ထုဖြစ်ခဲ့တဲ့ “It” ဇာတ်လမ်းကို ဇာတ်အိမ်တည်ရာ Maine ပြည်နယ်က စိတ်ကူးယဉ် Derry မြို့အဖြစ် ပုံဖော်ခဲ့တာဖြစ်ပါတယ်။
Bangor သမိုင်းအသိုင်းအဝန်းကနေ ပိုင်ဆိုင်တဲ့ ၁၉၈၃ ခုနှစ်က အက်ဆေးတခုမှာ ဆရာကြီး ကင်းက “ဒေသခံ လူတွေ ဒါကို ဖတ်ကြတဲ့အခါ ဒီနေရာနဲ့ ဒီလူတွေအတွက် ဒီကြောက်မက်ဖွယ်ရာတွေနဲ့ သတင်းပေးဖော်ပြထားတယ် ဆိုတာကို သူတို့ခံစားမိမယ်လို့ မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
တခြားသတင်းတပုဒ်အရတော့ ဆရာကြီး ကင်းရဲ့ ဝတ္ထုအသစ်ဖြစ်တဲ့ “If It Bleeds” ကို လာမယ့် ၂၀၂၀ ပြည့်နှစ် မေလ ၃ ရက်နေ့မှာ ဖြန့်ချိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်အသစ်ထဲမှာ ပါဝင်မယ့် အကြောင်းအရာ အသေးစိတ်ကို မသိရသေးပေမယ့် အဲ့ဒီစာအုပ်မှာ စာဖတ်သူတွေကို လျှို့ဝှက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာတွေဆီ ခေါ်သွားနိုင်မယ့် ဝတ္ထုတိုလေးပုဒ် ပါဝင်မယ်လို့ သိရပါတယ်။
Ref:asiaone
You may also like these stories:
မေရိကန်နိုင်ငံ တဝှမ်းက ထူးဆန်းတဲ့ ပြတိုက်များ
ဟောင်ကောင်မှာ မင်းသား ဘရုစ်စလီရဲ့ နေအိမ်ဟောင်းကို ဖြိုချ ဖျက်ဆီး
ခရီးသွားအများအပြား လာရောက်လည်ပတ်တဲ့ အင်္ဂလန်နိုင်ငံရဲ့ Tate Modern အနုပညာပြတိုက်