ကမ္ဘာကျော် K-pop အမျိုးသားအဆိုတော်အဖွဲ့ BTS မှ အဖွဲ့ဝင် Jin ဟာ မကြာခင် စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်စာ ကျတော့မှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ကတော့ တကယ်လို့သာ အဖွဲ့ထဲမှာ သူ မရှိတဲ့အခိုက် ကမ္ဘာတဝန်းမှာရှိတဲ့ ဂီတဇယားတွေထဲက အဖွဲ့ရဲ့ ရပ်တည်မှုအပေါ် ထိခိုက်မှု ရှိနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
ဒါပေမယ့် အသက် ၂၆ နှစ်အရွယ် Jin ဟာ စစ်မှုထမ်း ကင်းလွတ်ခွင့်ရနိုင်တယ်လို့ ထိပ်တန်းအစိုးရ အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။
တောင်ကိုရီးယားအစိုးရမူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးဝန်ကြီး Noh Hyeong-ouk က K-pop စတားတွေအနေနဲ့ မဖြစ်မနေ စစ်မှုထမ်းဆောင်သင့်သလားဆိုတဲ့ မေးခွန်းကို ဆုံးဖြတ်၊ သုံးသပ်ဖို့ လိုနေပြီဖြစ်တဲ့ အကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြောဆိုခဲ့တာကြောင့် နာမည်ကျော်စတားတွေ စစ်မှုထမ်း ကင်းလွတ်ခွင့်ရတော့မလားဆိုပြီး မျှော်လင့်ချက်တွေ မြင့်မားလာခဲ့တာပါ။
ဝန်ကြီး Noh အနေနဲ့ကတော့ အခုလိုမျိုး စစ်မှုထမ်း ကင်းလွတ်ခွင့်ကြောင့် အနုပညာရှင်တွေကို စိတ်ခွန်အားပေးနိုင်ပြီး နိုင်ငံအနေနဲ့လည်း ယဉ်ကျေးမှုဆိုင်ရာ အင်အားကောင်းတဲ့ နေရာတခုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား ဥပဒေအရ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတိုင်းဟာ စစ်မှုထမ်းတာဝန်ကို မဖြစ်မနေ ထမ်းဆောင် ရပါတယ်။ အနောက်တိုင်း ဂန္တဝင်အနုပညာနဲ့ ကိုရီးယားရိုးရာ ဂီတလိုမျိုး ပြိုင်ပွဲတချို့မှာ ဆုတံဆိပ် ရရှိသူတွေကိုသာ ကင်းလွတ်ပြုခွင့်ပြုနေတဲ့ စနစ်ကို ထပ်တိုးချဲ့ထွင်မှာ မဟုတ်ဘူးလို့ တခြားတာဝန်ရှိသူတွေက ပြောခဲ့ပြီးတဲ့နောက် ဝန်ကြီး Noh ရဲ့ အခုလိုမှတ်ချက်စကား ထွက်ပေါ်လာတာပါ။
အာရှအားကစားပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရရှိတဲ့ အားကစားသမားတွေတော့ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့် ရရှိပါတယ်။
BTS လိုမျိုး K-pop စတားတွေဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ဂီတဇယားတွေမှာ စိုးမိုးထားနိုင်တာ၊ ကိုရီးယားရဲ့ ခရီးသွား လုပ်ငန်းကို မြှင့်တင်ပေးတာတွေကြောင့် နိုင်ငံကို ဂုဏ်တက်စေတယ်ဆိုတဲ့ အချက်ကြောင့် အခုလိုမျိုး ကင်းလွတ်ခွင့်ပေးဖို့ သုံးသပ်ချက်ဟာ အကူအညီဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အာရှ အားကစားပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုဘောလုံးအသင်းက ရွှေတံဆိပ်ဆု ရရှိခဲ့ပြီးတဲ့နောက် စစ်မှုထမ်းဆောင်ခြင်း ကနေ ကင်းလွတ်ခွင့်ရခဲ့တဲ့ Son Heung-min ကတော့ ပရီးမီယားလိဂ်ကလပ်အသင်း Tottenham Hotspur အသင်းမှာ ကစားသမားတဦးအနေနဲ့ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
နိုင်ငံရေးသမားတချို့ကတော့ အခုလိုမျိုး အပြောင်းအလဲတွေ လုပ်ဖို့ လော်ဘီလုပ်ပေးနေကြပြီး တကယ်လို့ BTS အဖွဲ့ကို ကင်းလွတ်ခွင့်ပြုမယ်ဆိုရင်တော့ အဖွဲ့သစ် SuperM အပေါ် ခြိမ်းခြောက်နေတဲ့ ကိစ္စလည်း ပြေလည်သွားနိုင်တယ်လို့ ဆိုကြပါတယ်။
SuperM အဖွဲ့ကတော့ BTS အဖွဲ့လိုမျိုးပဲ Billboard ဇယားတွေရဲ့ ထိပ်ဆုံးမှာ ရောက်ရှိနေပါတယ်။ ဒါပေမယ့် K-pop စတားအားလုံးကြားမှာ ညီမျှမှုရှိဖို့အတွက် ကင်းလွတ်ခွင့် ပြုသင့်တယ်ဆိုတဲ့ အခြေခံအချက်တွေက ဘာတွေဖြစ်မယ်ဆိုတာကို အင်တာနက်အ သုံးပြုသူတွေကြားမှာ ဆွေးနွေးငြင်းခုံမှုတွေ ရှိနေဆဲဖြစ်ပါတယ်။
Ref: straitstimes
You may also like these stories:
ဖျော်ဖြေပွဲကို ရုပ်ရှင်ရုံတွေမှာ တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် BTS အဖွဲ့
Marvel စတူဒီယိုနဲ့ လက်တွဲ လုပ်ကိုင်ဖို့ရှိတဲ့ K-pop အဖွဲ့ SuperM
ကိုရီးယား လူသုံးကုန်ပစ္စည်းတွေအတွက် အင်အားကောင်း မားကတ်တင်းလက်နက် ဖြစ်လာတဲ့ K-pop
ထွက်ရှိပြီး အချိန်တိုအတွင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ BlackPink အဖွဲ့ရဲ့ “Kill This Love”
BTS အဖွဲ့ကြောင့် ရရှိတဲ့ စီးပွားရေးတန်ဖိုးမှာ နှစ်စဉ် ကန်ဒေါ်လာ ၃ ဘီလီယံခွဲကျော်ရှိ