Entertainment

မင်းသား Dwayne Johnson ရဲ့ "Black Adam" ရုပ်ရှင် ၂၀၂၀ ပြည့်နှစ်မှာ ရိုက်ကူးရေး စတင်မယ်

“Black Adam” ရုပ်ရှင်ကို နှစ်ပေါင်းများစွာကြာ Warner Bros ကနေ ဖန်တီးဖို့ လုပ်ခဲ့ပြီးတဲ့နောက် အခုနောက်ဆုံးမှာတော့ ရိုက်ကူးရေး လုပ်ဆောင်ဖို့ အချိန်ဇယား ထွက်ရှိလာပြီ ဖြစ်ပါတယ်။

ဗီလိန် ဇာတ်ကောင်နေရာကနေ ပါဝင်မယ်လို့ သတင်းထွက်ထားတဲ့ မင်းသား Dwayne “The Rock” Johnson ကတော့ ရုပ်ရှင်စတင်ရိုက်ကူးမယ့် ရက်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားအံ့သြသင့်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ မင်းသား Johnson က ပရိသတ်တဦးကို တုံ့ပြန် ပြောဆိုခဲ့ပြီး သူ့ရဲ့ဇာတ်ကောင် ရုပ်တု ပုံတပုံကို ဝေမျှခဲ့ပါတယ်။

Amir Anbarestani လို့အမည်ရတဲ့ ပရိသတ်က “Black Adam အဖြစ် The Rock က သရုပ်ဆောင်ဖို့ တော်တော်လေးကို စိတ်လှုပ်ရှားနေပါတယ်။ အဲ့ဒီဇာတ်ကောင်နဲ့ တော်တော်လေး တူတဲ့ ရုပ်တုတခုကို ထုလုပ်ထားပါတယ်” လို့ဆိုပြီး ဓာတ်ပုံတပုံကို Twitter နဲ့ Instagram တို့မှာ တင်ခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံကို မင်းသား Johnson “အရမ်းမိုက်တယ်။ ကျေးဇူးတင်ပါတယ်။ အံ့သြမိတယ်။ ဒီရုပ်ရှင်ကို ကျနော် ၁၀ နှစ် ကျော်လောက် စောင့်ခဲ့ရတယ်” လို့ ပြောဆိုခဲ့ပါတယ်။ လာမယ့်နှစ် ဇူလိုင်လမှာတော့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေ စတင်တော့မယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

မင်းသား Johnson ဟာ Black Adam အဖြစ်သရုပ်ဆောင်မယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်တုန်းက Shazam! ရုပ်ရှင်ကိုတောင် New Line Cinema က ရိုက်ကူးဖို့ ပြင်ဆင်နေဆဲ ရှိပါသေးတယ်။ ဒါပေမယ့် ရုပ်ရှင်ဟာ ရပ်ဆိုင်းခဲ့ရပြီး ၂၀၀၉ ခုနှစ်အထိ မထုတ်လုပ်နိုင်ဘဲ ရှိခဲ့ရပါတယ်။

DC ရဲ့ “Man of Steel” ရုပ်ရှင်အောင်မြင်မှုနောက်ပိုင်းမှာတော့ Warner Bros. နဲ့ New Line Cinema အခုရုပ်ရှင်ကို ရိုက်တော့မယ်ဆိုပြီး ပြန်လည်ပြင်ဆင်ခဲ့ကြပါတယ်။

မင်းသား Zachary Levi ပါဝင်ထားတဲ့ “Shazam!” ရုပ်ရှင်ကို အခုနှစ် ဧပြီလတုန်းက ရုံတင်ခဲ့ပေမယ့် အဲ့ဒီ ရုပ်ရှင်ထဲမှာ Black Adam ဇာတ်ကောင် ပါဝင်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် Black Adam ကို တကိုယ်တော် ရုပ်ရှင်အနေနဲ့ ဖန်တီးမှာဖြစ်တယ်လို့ ၂၀၁၇ ခုနှစ်မှာ ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။ အခုနှစ် ဇွန်လမှာတော့ “Black Adam” ရုပ်ရှင်ကို ဒါရိုက်တာ Jaume Collet-Serra ကရိုက်ကူးမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ရုံတင်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ မင်းသား Johnson ကတော့ ရုပ်ရှင်ထုတ်လုပ်သူ တဦးအနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်ညွှန်းရေးဆရာနဲ့ တခြားသရုပ်ဆောင်တွေ အပါအဝင် တခြား အသေးစိတ် အချက်အလက်တွေကိုတော့ လက်ရှိမှာ မသိရသေးပါဘူး။

Ref: aceshowbiz

You may also like these stories: 

Superman အဖြစ်မှ Henry Cavill မနုတ်ထွက်သေးကြောင်း Jason Momoa ပြော

လင်းနို့လူသားနေရာမှာ သရုပ်ဆောင်ဖို့ မင်းသား Armie Hammer နဲ့ ဆွေးနွေးနေပြီလို့ သိရ

ဒီနေ့ခေတ်မှာ “Forrest Gump” ရုပ်ရှင်ကို ပြန်ဖန်တီးဖို့ မဖြစ်နိုင်တော့ကြောင်း ထုတ်လုပ်သူ ပြော

Loading