MRTV-4 ရုပ်သံလိုင်းမှာ အပတ်စဉ်စနေနေ့တိုင်း ပြသလျက်ရှိတဲ့ The Model Academy Season 3 မှ ပြီးခဲ့တဲ့ စနေနေ့က ပြသခဲ့တဲ့ အပိုင်းမှာတော့ ပြိုင်ပွဲဝင် ၂ယောက်ရဲ့ စည်းကမ်းဖောက်ဖျက်မှုကို Public မှာချပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
အဆိုပါဖြစ်ပေါ်ခဲ့တဲ့ ကိစ္စများကို ကြည့်ရှုတဲ့ပရိသတ်များအနေနဲ့ Public ကို ချပြခဲ့အကြောင်းကိုတော့ ဒိုင်တဦးဖြစ်တဲ့ သန္တာလှိုင်က အခုလိုဆိုပါတယ်။
“ဒီ Public ကို ချပြတယ်၊ မချပြဘူးဆိုတာက ဒီ Reality Show ဆိုတာကို မတက်ခင်ကတည်းက Reality Show ဆိုတာက ကင်မရာတွေနဲ့ အချိန်ပြည့် Recording လုပ်ထားမယ်။ အဲဒါတွေကို Public ကို ချပြခွင့် ရှိပါတယ်ဆိုတာကို သဘောတူထားတဲ့ Talent တွေရယ် တည်းဖြတ်သူတွေရယ်၊ ပရိုဂျူဆာတွေရယ်က အဲဒါတွေက ဆုံးဖြတ်တာပါ”
“ကြည့်တဲ့သူတွေက မသင့်တော်ဘူး မကြည့်ချင်ဘူးဆိုရင် ရှောင်သွားလို့ရတာ ဖြစ်တဲ့အတွက် ကာယကံတွေအပေါ်မှာ မူတည်တဲ့အတွက် ဘေးနားကနေ ဘာမှပြောပိုင်ခွင့် မရှိပါဘူး”လို့ သန္တာလှိုင်က ပြောပါတယ်။
ပြိုင်ပွဲဝင် ၂ယောက်ရဲ့ စည်းကမ်းဖောက်ဖျက်မှုကို ဖြေရှင်းတဲ့အချိန်မှာတော့ ဒိုင်များအနေနဲ့လည်း သဘောထားကွဲလွဲမှု များလည်းရှိခဲ့ပါတယ်။
“ကျမအနေနဲ့က ဒီ Judge နေရာမှာ ထိုင်တယ်ဆိုရင် ကလေးတွေနေရာမှာ ကိုယ့်ကို ထားတယ်။ ကလေးတွေနေရာမှာ ကိုယ့်သားသမီးကို ထားတယ်။ ပြီးရင် ဒိုင်တယောက်အနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲ ဒီ ၃ ဦးကိုထည့်သွင်းပြီး ဆုံးဖြတ်စကား ပြောတာဖြစ်တဲ့အတွက် ခါတိုင်း Panel တွေမှာ ထိုင်တာနဲ့ မထူးခြားပါဘူး။ တူတူပါပဲ”
“ကိုယ့်ရဲ့ အမြင်တွေက ဇင်အောင်နဲ့ တခါတလေ တူချင်မှ တူမယ်။ အမြဲတမ်းလည်း တူနိုင်ချင်မှ တူနိုင်မယ်။ ပြီးတော့ ကျမတို့ Show ရဲ့အနှစ်သာရက ကိုယ့်စိတ်ထဲမှာရှိတဲ့ အမြင်တွေ၊ ခံစားချက်တွေကို ကြိုက်သလိုပြောပိုင်ခွင့်ရှိတဲ့အတွက် အမြဲတမ်း သဘောတူနိုင်ချင်မှ တူမှာပါ။ ဇင်အောင်နဲ့ ကျမနဲ့လည်း ထသတ်ဖြစ်ရင် သတ်မှာပါ”လို့ သန္တာလှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှ ပရိသတ်တွေအနေနဲ့ကလည်း နောက်ပိုင်းမှာ ရင်းရင်းနှီးနှီး ကြည့်တတ်လာမှာဖြစ်ပြီး သူမအနေနဲ့လည်း ဒိုင်တဦးဖြစ်တဲ့အတွက် လုပ်စရာရှိတာကို ဆက်လက်လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“Reality Show အစစ်ကို မြန်မာနိုင်ငံက ပရိသတ်တွေ Use to ဖြစ်လာပါလိမ့်မယ်။ ရင်းရင်းနှီးနှီးနဲ့ ကြည့်တတ်လာပါလိမ့်မယ်။ ဒိုင်လုပ်ရင်တော့ အမုန်းခံရမယ်ဆိုတာကို မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း မွေးထုတ်ပေးချင်တယ်။ ကိုယ့်ကလေးတွေရဲ့အိပ်မက်တွေ ကိုယ့်ရဲ့အိပ်မက်တွေ အားလုံးရဲ့မျှော်လင့်ချက်တွေက ဒီ Show ပေါ်မှာ မူတည်နေတဲ့အတွက် လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပါပဲ”
“ကိုယ်ဝါသနာပါတယ် အမြဲတမ်းလုပ်ချင်နေတဲ့အလုပ်ဖြစ်တဲ့အတွက် မုန်းချင်လည်း မုန်းပါစေ၊ ချစ်ချင်လည်းချစ်ပါစေ။ မကြာခင် မုန်းနေတဲ့သူတွေ ချစ်သွားပါလိမ့်မယ်”လို့ သန္တာလှိုင်ကပြောပါတယ်။
စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ ပြိုင်ပွဲဝင်ယောကျ်ားလေးကိုလည်း သန္တာလှိုင်က အကြံပေးစကားပြောခဲ့ပါတယ်။
“တေဇက အရမ်းငယ်ပါသေးတယ်။ မကြာခင်မှာ ရင့်ကျက်လာတဲ့ အချိန်ကျရင် လူတွေရဲ့ချစ်ခြင်းကို ခံချင်ရင် ကိုယ်လုပ်တဲ့ အလုပ်တခုကို တာဝန်ယူတာနဲ့ လူတွေက ချစ်လာပါမယ်ဆိုတာကို လက်ခံလာပါမယ်၊ သိလာပါမယ်ဆိုပြီး အားပေးချင်ပါတယ်” လို့ သန္တာလှိုင်က ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း ဒီထက်ပိုကောင်းစေမယ့် ဒရာမာမျိုးတွေလာဦးမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ဖို့အတွက် ပြောခဲ့ပါတယ်။
“ဒီတပတ် ဒရာမာကို အားလုံးက ရင်ခုန်စိတ်လှုပ်ရှားစရာ အသည်းယားစရာလို့ မြင်တယ်ဆိုရင် နောက်တပတ် စောင့်ကြည့်ပါ။ နောက်တပတ်မှာလာမယ့် ဒရာမာဟာဆိုရင် ဟင်ခနဲ ဟာခနဲ ဖြစ်သွားစေမယ့်ဟာ ဖြစ်တဲ့အတွက် စောင့်ကြည့်ပေးပါ” လို့ သန္တာလှိုင်ကပြောပါတယ်။
The Model Academy ပြိုင်ပွဲကိုတော့ ကျင်းပလာခဲ့တာ Season ၃ ခု ရှိပြီဖြစ်ပြီး ယခင်နှစ်များက မိန်းကလေးများသာ ပြိုင်ပွဲအတွက် ခေါ်ယူခဲ့သော်လည်း ယခုလက်ရှိ Season 3 မှာတော့ ယောကျ်ားလေးများပါ ဝင်ပြိုင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
လက်ရှိ ပိုင်ဆိုင်ထားတဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးအကြောင်း ပြောပြတဲ့ သန္တာလှိုင်