7th Sense ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူး ထုတ်လုပ်မယ့် “အိပ်မက်ကာရံ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မယ့် အဆိုတော် နီနီခင်ဇော်ကတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။
“အိပ်မက်ကာရံ ဇာတ်ကားမှာ နီနီက အရာရာ အားလုံးကို Take Care လုပ်တဲ့သူအနေနဲ့ ပါဝင်ပေးတယ်။ ကိုယ့်ရဲ့ အသံသွင်း မဟုတ်ဘဲ သူများ အသံသွင်း အလှည့်ကျရင်လည်း နီနီလိုက်ပေးတယ်။ အခု နီနီတို့ ရိုက်မယ့်ကားက သီချင်းဇာတ်ကားပါ။ နီနီအရင်တုန်းကတည်းက ပြောခဲ့တာ ရှိပါတယ်”
“နီနီ ဘယ်တော့မှ မင်းသမီး မလုပ်ပါဘူး။ အခုကားကလည်း ဂီတလောကက လူတွေလည်း ပါပါတယ်။ အဆိုပိုင်းကနေ သရုပ်ဆောင်တော့မယ်ဆိုတော့ အခက်အခဲတွေက ရှိမှာပေါ့။ ပိုသေချာတယ်။ ဒါပေမယ့် မကြောက်ကြပါဘူး။ နီနီတို့ အဆိုတော် အဖွဲ့တွေက အချင်းချင်းသိကြတာပဲလေ။ ကျန်တာတော့ သိပ်ပြီး မစဉ်းစားထားဘူး။ မလိုအပ်တဲ့ ဖိအားတွေကို ခေါင်းထဲ ထည့်မထားဘူး”လို့ နီနီခင်ဇော်က ပြောပါတယ်။
ဆက်လက်ပြီး နီနီခင်ဇော်က ဒီဇာတ်ကားရဲ့ ထုတ်လုပ်ရေးအပိုင်းမှာ အစကနေ အဆုံးထိ ပါဝင်ဖြစ်ပုံကိုလည်း အခုလိုပဲ ဆိုပါတယ်။
“ထုတ်လုပ်တဲ့နေရာမှာကတော့ အပိုင်းနှစ်ပိုင်း ရှိတာပေါ့။ ငွေကြေးအားဖြင့် ထုတ်လုပ်တာရယ်၊ စိတ်ရောလူရော အရာရာဆောင်ရွက်တာရယ်ရှိတယ်။ ငွေကြေးအပိုင်း ကတော့ 7th Sense က အများကြီး ပါဝင်ပေးတယ်။ နီနီကကျတော့ ဟိုးအစကနေ အဆုံးအထိပေါ့နော်။ ဘယ်အရာမဆို နီနီ့ကို အကောင်းဆုံးလုပ်နိုင်အောင် တွန်းပို့ပေးတာကတော့ သီချင်းပါပဲ။ သီချင်းဖွင့်လိုက်ရင် အရာရာကို ရောက်ရှိသွားတာပေါ့နော်။ အိမ်မက်ကာရံက နီနီရဲ့ အိပ်မက်လို့ ပြောလို့ ရတယ်”လို့ နီနီခင်ဇော်က ဆိုပါတယ်။
“အိပ်မက်ကာရံ” ရုပ်ရှင်မှာ လျှို့ဝှက်ထားတဲ့ ဇာတ်ကောင် အဆိုတော်တဦးနဲ့ ပတ်သက်လို့လည်း နီနီခင်ဇော်က အခုလိုပဲ ပြောပါတယ်။
“မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီး အဆိုတော် တယောက်ကို “အိပ်မက်ကာရံ” ရုပ်ရှင်ကားကြီးအတွက် အသံသွင်း ပါတယ်။ အဲဒီနာမည်ကြီး အဆိုတော်က ဘယ်သူဖြစ်မလဲဆိုတာကတော့ လျှို့ဝှက်ချက်ပါ။ သူက အခုလက်ရှိမှာလည်း အရမ်း နာမည်ကြီးတယ်ဆိုတော့ သူက ဘယ်သူဖြစ်မလဲ၊ သူက ဘယ်ကာရိုက်တာမျိုးမှာ သရုပ်ဆောင်မှာလဲ။ အဲဒါကို ရင်ခုန်ပေးကြပါ။ အိပ်မက်ကာရံကားလေးက နီနီရှိုးပွဲတွေ ပြီးပြီဆိုတာနဲ့ စတော့မှာပါ”လို့ နီနီခင်ဇော်က ပြောပါတယ်။
ဂီတနဲ့ ပတ်သက်ပြီး နီနီခင်ဇော်က ဂီတရှိုးပွဲတိုင်းမှာ အောင်မြင်မှုရရှိနေတဲ့အပေါ် အောင်မြင်ချင်လို့ ရှိုးတွေ ဆိုနေတာမဟုတ်ဘဲ ပျော်ချင်လို့ လုပ်တာလို့ ဆိုပါတယ်။
“အောင်မြင်တယ်လို့ သတ်မှတ်လိုက်တဲ့နေ့က ကိုယ်ကျရှုံးတဲ့နေ့ပဲ။ နီနီက ပွဲတွေဆိုတာ အောင်မြင်ချင်လို့ ဆိုနေတာလည်း မဟုတ်ဘူး။ အောင်မြင်ချင်လို့ ရှိုးတွေ ဆိုနေတာလည်း မဟုတ်ဘူး။ ပျော်ချင်လို့ လုပ်တာ။ နီနီ ဘယ်အလုပ်မဆို ပျော်လို့ လုပ်တာ။ အခုချိန်မှာတော့ အချိန်ကို အကျိုးရှိရှိ အသုံးချချင်တယ်။အဲ့ဒါကြောင့် အလုပ်တွေ ပိုပြီးလုပ်တယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။
နီနီခင်ဇော်ရဲ့ တတိယမြောက် တကိုယ်တော်ဖျော်ဖြေပွဲကိုလည်း မကြာခင် ပြုလုပ်သွားမှာပါ။ တကိုယ်တော်ပွဲကို နိုဝင်ဘာ ၂ ရက်နေ့ မန္တလေးမြို့ Mingalar Mandalay Car Parking မှာ ပြုလုပ်မှာဖြစ်ပြီး၊ စတုတ္တမြောက် တကိုယ်တော် ဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာ ၃၀ ရက်မှာ စင်ကာပူနိုင်ငံရှိ The Capital Theatre မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
You may also like these stories:
မန္တလေးမှာ Red Revolution Show ပွဲကြီးလုပ်ဖို့ ပြင်ဆင်နေတဲ့ နီနီခင်ဇော်
အလွန်အမင်း အလုပ်လုပ်တဲ့သူတွေအတွက် သီချင်းတပုဒ် ဖန်တီးထားတဲ့ နီနီခင်ဇော်
“ပါတီခင်ဇော်”အခွေမှာ ပိုင်တံခွန်နဲ့ လိုက်ဖက်လွန်းလို့ သီချင်းအတူ သီဆိုထားတဲ့ နီနီခင်ဇော်