Entertainment

ဘဝတလျှောက်လုံး ရုပ်ရှင် ၁၀ ကားခန့် ရိုက်ဖို့ ရည်ရွယ်ထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

Want create site? Find Free WordPress Themes and plugins.

မြန်မာရုပ်ရှင် ဇာတ်ကားများကို ရသတမျိုး ခံစားနိုင်အောင် ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ ဘဝတလျှောက်လုံးမှာ ရုပ်ရှင်ဇာတ်ကား ၁၀ ကားခန့် ရိုက်ကူးသွားနိုင်ရန်အတွက် အမြဲဆုတောင်းတယ်လို့ ပြောပါတယ်။

“ကျမက အိုင်ဒီယာ ထပ်မှာကို စိုးရိမ်တယ်။ Culture ကား ရိုက်ထားပြီးပြီ။ အခု အချစ်ကား ရိုက်တယ်။ နောက်ထပ် အချစ်ကား တော်တော်နဲ့ မရိုက်နိုင်တော့ဘူး။ အရမ်းခံစားရတယ်။ ကိုယ်က ကိုယ်တိုင် မခံစားရဘဲနဲ့ ပရိသတ်ကို မချပြချင်တော့ ကိုယ့်ရင်ထဲမှာ ရိုက်နေတဲ့ ကာလတလျှောက်လုံးမှာ တော်တော်ကြီးကို တင်းခံထားရတဲ့ ခံစားချက်ကြီး ဖြစ်နေတဲ့အတွက် နောက်တခါ အချစ်ကားကို ရိုက်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတယ်”

“ကျမဘဝတလျှောက်လုံးမှာ အမြဲဆုတောင်းတာက မသေခင် ၁၀ ကားလောက် ရိုက်သွားရရင် ကျေနပ်ပါတယ်။ ဒါကြောင့် ဒီ ၁၀ ကားထဲက နောက် ၇ ကားကတော့ ပုံစံ မတူတာလေးတွေပဲ စဉ်းစားထားပါတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

တတိယရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ “Now & Ever” (ထာဝရနှောင်ကြိုး) ကိုလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး စတင်ဖန်တီးဖြစ်တာနဲ့ ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။

“ဒီဇာတ်လမ်းလေးရေးတာ သူ (ဇဏ်ခီ) နဲ့ ကျမနဲ့ နယူးယောက်မှာပဲ ရှိသေးတယ်။ ၂၀၀၄ Music Concert ဆိုတာလေး လုပ်နေရင်းနဲ့ အသိစုံတွဲရဲ့ ဖြစ်သွားတာနဲ့ ဆင်တယ်။ သူတို့သတင်းက နည်းနည်းလေးပဲ ကြားလိုက်တာပါ။ ကိုဇဏ်နဲ့ ကျမရော သူတို့ နှစ်ယောက်ရဲ့အချစ်က အရမ်းကို Inspire ဖြစ်တယ်။ အရမ်းစိတ်ထဲမှာ မကောင်းဘူး”

“မြန်မာပြည်ကို ပြန်ရောက်လာတယ်။ တခြားကားတွေ ရိုက်နေရင်းနဲ့ သီတာဆိုတဲ့ ဇာတ်လမ်းလေးကိုပေးတော့ အဲ့ဟာက ဘတ်ဂျက်က အရမ်းများနေတယ်။ အဲဒါနဲ့ ကျမက ထာဝရနှောင်ကြိုးကိုရေးပါလား အချစ်ကားရိုက်ရအောင် ဆိုတော့ သူကလည်း ရေးချင်နေတာနဲ့ သူရေးဖြစ်သွားတာပေါ့” လို့ ခရစ္စတီးနားခီက ပြောပါတယ်။

ဒီကားအတွက် အချိန် ၁ နှစ်ခွဲခန့်ကြာမြင့်ခဲ့ပြီး လူအင်အားနည်းတာကြောင့် အလုပ်သင်များခေါ်ယူကာ ရိုက်ခဲ့ရတယ်လို့ သိရပါတယ်။

“ဇာတ်ကားက ၁ နှစ်နဲ့ ၇ လလောက် ရှိသွားပြီ။ သူဇာတ်ညွှန်းရေးတာ မပါသေးဘူး။ လူအင်အားကတော့ ကျမတို့ ထုတ်လုပ်ရေးက သေးသေးလေး လူအင်အားနည်းတဲ့အတွက် အလုပ်သင်တွေ ခေါ်ရတယ်။ ဒီတခေါက်ကျတော့ ထိုင်းကအဖွဲ့တွေကိုပါ ဆက်သွယ်ရတယ်။ သူတို့ရဲ့အားတွေပါ ယူရတယ်။ ကျမက အရမ်း ကောင်းချင်တယ်။ ရိုက်ချင်ချိန်က ၄ လ ၅ လလောက် ကြာတယ်။ ၃ ပိုင်းခွဲပြီးတော့ ရိုက်ပါတယ်” လို့ ပြောပါတယ်။

“Now & Ever” (ထာဝရနှောင်ကြိုး) ထဲမှာတော့ သရုပ်ဆောင် ဇဏ်ခီနဲ့အတူ ပိုင်ဖြိုးသုတို့က တွဲဖက်သရုပ်ဆောင်ထားပြီး လိုက်ဖက်တဲ့ စုံတွဲလေးအဖြစ် မြင်ရမှာပဲ ဖြစ်ပါတယ်။

“သုသုကို ရွေးချယ်ခဲ့တာ အရမ်းမှန်တယ်။ ကျမတို့က ဝတ်မှုံဆိုတဲ့ ကာရိုက်တာလေးကို အများကြီး ရှာခဲ့တယ်။ အသစ်တွေကိုလည်း နေရာပေးတယ်။ အများကြီး အများကြီးကို ရက်ပေါင်းများစွာ ဝတ်မှုံရှာပုံတော်ဖွင့်ခဲ့တယ်။ အဲဒီအချိန်မှာ ကိုဇဏ်ကို ကျမတို့နဲ့ Camera Test လုပ်ပေးဖို့ခေါ်တယ်”

“အချစ်ကားဆိုတော့ တယောက်နဲ့တယောက် Chemistry ကအရေးကြီးတယ်။ မြင်လိုက်တာနဲ့ သူတို့ နှစ်ယောက် တကယ်ချစ်နေတယ်ဆိုတာ မြင်ဖို့က အရေးကြီးတယ်။ နောက်ဆုံးမှာ သုသုကို မေးတယ်။ သုသုကလည်း ဝမ်းသာအားရ လက်ခံတယ်။ ဆရာနဲ့လည်း Train မယ်ဆိုတော့ သူကလည်း လက်ခံခဲ့တယ်” လို့ ခရစ္စတီးနားခီက ပြောပါတယ်။

ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်း တခုမှာလည်း သားဖြစ်သူကို ထည့်သွင်းထားတဲ့အကြောင်းကိုလည်း ခရစ္စတီးနားခီက “အဲဒါကတော့ ဆရာ Thierry Bleu ရဲ့ အိုင်ဒီယာလေးပါ။ ဘဝရဲ့မှတ်တိုင်လေးအနေနဲ့ သားက မုဒြာတုန်းကလည်း သူ့အဖေရဲ့ငယ်ဘဝ ၂ နှစ် သားလေးလည်း လုပ်ခဲ့ဖူးတယ်လေ”

“ဒီကားထဲမှာက သားက လက်ကျိုးနေတာ၊ မရိုက်ချင်ဘူး။ ကျမရဲ့သားကိုလည်း ဒါရိုက်တာ လုံးဝ မလုပ်စေချင်ဘူး။ သူက ဝါသနာ လုံးဝ မပါဘူး ထင်တယ်။ ကင်မရာတွေတွေ့တာနဲ့ ထွက်ပြေးချင်တာ။ ကြော်ငြာဆိုလည်း တခါပဲ လက်ခံဖူးတယ်”

“အဲ့မှာတင် လက်လန်ပြီးတော့ လုံးဝ လက်မခံရဲဘူး။ ဒါပေမယ့် ဆရာကတော့ နင်တို့ ၂ ယောက်ရဲ့မှတ်တိုင်မှာ သူ့ကိုအမှတ်တရ ထည့်လိုက်ပါလားဆိုပြီး သူ့ရဲ့အချစ်ဆုံး ကောင်မလေးနဲ့ဆိုတော့ ၂ ယောက် ထည့်လိုက်တာ” လို့ပြောပါတယ်။

Now & Ever (ထာဝရနှောင်ကြိုး) ကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့ကတော့ သမ္မတရုပ်ရှင်ရုံမှာ World Premiere ပွဲပြသခဲ့ပါတယ်။ ဒါကြောင့် ဇာတ်ကားကို Spoiler မလုပ်ကြရန် အတွက်လည်း ခရစ္စတီးနားခီက ပြောခဲ့ပါတယ်။

“Spoiler မလုပ်ပါနဲ့လို့။ Spoiler လုပ်လိုက်ရင် ကျမတို့ ရသလေးတွေ ပျက်သွားမယ်။ ကြည့်ရတဲ့သူတွေလည်း ခံစားရတာ ပေါ့သွားမယ်။ ဒါရိုက်တာတယောက်အနေနဲ့ အနုပညာကို ချပြချင်တဲ့ ပုံပန်းသဏ္ဍာန်လေးကို တကယ်ကို ရသအစစ်လေး ရသွားစေချင်လို့ပါ”

“အခုခေတ်က အရမ်းကြောက်ရတယ်။ ကလောင်တချက်နဲ့ စီးပွားပျက်သွားစေနိုင်တယ်။ တကားလုံးကို ရေးပစ်လိုက်တာတို့၊ မကြိုက်ရင် မကြိုက်ဘူးပြောတာတို့ ပြောပိုင်ခွင့် ရှိပါတယ်။ မကြိုက်ရင် မကြိုက်တဲ့အကြောင်းပဲ ရေးပါ။ ဇာတ်လမ်းတခုလုံးကို ဖော်ပြီးမရေးလိုက်ပါနဲ့။ ဆက်ဆက် လာအားပေးပါ။ အချစ်ပန်းတွေ အများကြီး ပွင့်သွားပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီကတော့ အရှေ့မှာ “မုဒြာခေါ်သံ” ၊ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားများဖြင့် အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

You may also like these stories:

“အခုချိန်မှာ ဆင်ဆာမိမှာကို အကြောက်ဆုံးပဲ”လို့ ပြောလာတဲ့ ခရစ္စတီးနားခီ

ပထမဆုံး ရုပ်ရှင်ကားကြီး “Now & Ever” အတွက် ရင်ခုန်နေတဲ့ ဂျူးဂျူးကေ

“ထာဝရနှောင်ကြိုး” ရုပ်ရှင် ကြာနေတဲ့ အကြောင်းရင်းကို ပြောပြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ 

“Now and Ever” ရုပ်ရှင်နဲ့ ပတ်သက်ပြီး အရမ်းရင်ခုန် မျှော်လင့်နေတဲ့ သရုပ်ဆောင် ဇဏ်ခီ

Did you find apk for android? You can find new Free Android Games and apps.
Loading