မကြာခင်မှာ ရုံတင်ပြသမယ့် “Now & Ever” ရုပ်ရှင်ဇာတ်ကားမှာ ကိုယ်တိုင် သရုပ်ဆောင်တယောက်ဖြစ်ရုံမက ဇာတ်လမ်း ဇာတ်ညွှန်းကိုလည်း ဖန်တီးထားတဲ့ ဇဏ်ခီကတော့ ဇာတ်ဝင်တေးသီချင်း ၆ ပုဒ်ကိုလည်း ဖန်တီး ထားတယ်လို့ သိရပါတယ်။
“ဇာတ်ဝင်တေးက ကျနော်ကိုယ်တိုင် ရေးစပ်ထားတာ ၆ပုဒ်ပါတယ်။ အရင်တုန်းကသီချင်း ပြန်ထည့်ထားတာဆိုရင် ဦးစိုးလွင်လွင် သီချင်း ၂ ပုဒ် ပါတယ်။ နောက်ပြီး အီတလီ အော်ပရာသီချင်း ၁ ပုဒ် ပါတယ်။ ၁၇၆၀ လောက်က ဆိုထားတဲ့ သီချင်းကို မြန်မာနိုင်ငံမှာ ပြန်သွင်းကြတယ်။ ထိုင်ဝမ်က စန္ဒာရား ဆရာမနဲ့ မြန်မာနိုင်ငံက အော်ပရာဆိုနိုင်တဲ့ ဆရာမနဲ့ ပေါင်းပြီး ဖန်တီးတာ ပါတယ်”လို့ ဇဏ်ခီက ပြောပါတယ်။
ဒီကားထဲမှာတော့ ဇာတ်ဝင်တေးများကို ကိုယ်တိုင်ရေးသား သီဆိုဖန်တီးထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းရေးသားထားပေမယ့်လည်း သရုပ်ဆောင်တယောက်အနေနဲ့ ခေါင်းထဲမှာမထားဘဲ ရေးသားပြီး ဒါရိုက်တာနဲ့ အမြင်ချင်း ဖလှယ်ပြီး ဖန်တီးကြတာဖြစ်တယ်လို့ သိရပါတယ်။
“ဥပါယ်တံမျဉ်က ကျနော်ရဲ့ပထမဆုံးဇာတ်ညွှန်း၊ အခု “ထာဝရနှောင်ကြိုး”က တတိယလို့ ပြောလို့ ရတယ်။ ကြားထဲမှာ “သီတာ” ရေးထားတယ်။ မရိုက်ရသေးဘူး။ ရုံပေါ်တင်ဖြစ်တာက ထာဝရနှောင်ကြိုးဖြစ်သွားတယ်။ ဇာတ်ညွှန်းရေးတဲ့အခါမှာတော့ သရုပ်ဆောင်တယောက် အနေနဲ့ကို မရေးတာ။ ခေါင်းထဲမှာကို မထားတာ”
“ဘယ်နေရာတော့ သရုပ်ဆောင်မယ်ဆိုတာမျိုး မရှိဘူး။ ဒါရိုက်တာကို ပြတယ်။ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ပြီးမှ လုပ်တာများတယ်။ “ဥပါယ်တံမျဉ်”တုန်းကဆိုရင် သိန်းစိုးနေရာကို ရေးထားပေမယ့် ကျနော်က မင်းထက် ဖြစ်သွားတာ” လို့ ဇဏ်ခီက ပြောပါတယ်။
“Now & Ever” ရဲ့ဇာတ်ညွှန်းကိုတော့ ၂၀၁၇ ခုနှစ်က စတင်ရေးသားခဲ့တာဖြစ်ပြီး ကြားထဲမှာ ရုပ်ရှင်ဇာတ်ကားများ ထွက်ခဲ့တာကြောင့် မရေးဖြစ်ခဲ့တဲ့အတွက် ၂၀၁၈ နှစ်ကုန်ပိုင်းမှာရေးပြီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဇာတ်လမ်းကတော့ အပြင်မှာရှိတဲ့ သူငယ်ချင်းစုံတွဲရဲ့အကြောင်းကို အခြေတည်ကာ ကိုယ်တိုင် ဖန်တီးရေးသားထားတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ သိရပါတယ်။
“ဇာတ်ညွှန်းရေးဖြစ်တာက ကျနော် အစကတည်းက Story လေးတခု ကြားဖူးထားတာ ရှိတယ်။ US မှာနေတုန်းက လင်မယား ၂ယောက် အကြောင်းလေးကို ကြားပြီးတော့ စိတ်မကောင်းဖြစ်သွားပြီး အဲဒါကစိတ်ထဲရောက်နေတာ။ ၁၅ နှစ်လောက် ရှိပြီ”
“ဒီကိုပြန်ရောက်တော့လည်း စိတ်ထဲမှာလည်းရှိနေပြီး ချရေးမယ်ဆိုပြီး ရေးဖြစ်သွားတာ။ သူတို့အတိုင်းပဲတော့ မဟုတ်ဘူး။ သူတို့အကြောင်း အခြေခံလေးကို အများကြီးချဲ့လိုက်ရတာပေါ့။ လုံးဝတော့ မတူတော့ဘူး”လို့ ဇဏ်ခီက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းကို စတင်သိတဲ့အချိန်ကတော့ သရုပ်ဆောင်တယောက် ဖြစ်လာလိမ့်မယ်လို့လည်း မသိထားသေးဘူးလို့ ဇဏ်ခီက ဆိုပါတယ်။
“ကျနော်က ဒီဇာတ်လမ်းကိုကြားတုန်းက ကျနော်ဟာ ရုပ်ရှင်နဲ့ ပတ်သက်လာမယ့် လူတယောက်လို့လည်းမသိထားသေးဘူး။ ဇာတ်ညွှန်းရေးဖြစ်မယ် ဆိုတာလည်း မသိသေးဘူး။ သရုပ်ဆောင်ဆိုတာလည်း အဝေးကြီး။ တကယ်လည်း ရေးဖြစ်တာက ရုပ်ရှင်လောကနဲ့ ထဲထဲဝင်ဝင်ဖြစ်မှ ရေးဖြစ်တာ”လို့ ဇဏ်ခီက ပြောပါတယ်။
“Now & Ever” ရုပ်ရှင်ကတော့ ဇဏ်ခီရဲ့ တတိယမြောက် ဇာတ်ညွှန်းဖြစ်ပြီး “ဥပါယ်တံမျဉ်”နဲ့ “သီတာ” ဆိုတဲ့ဇာတ်ညွှန်းများလည်း ရေးသားထားပါတယ်။
You may also like these stories:
သရုပ်ဆောင်ရွေးပွဲ လျှောက်သူတွေအတွက် ဇဏ်ခီရဲ့ အကြံပြုစကား
ဇနီးအတွက် ဒုတိယမြောက် သီချင်းတပုဒ် ရေးပေးထားတဲ့ သရုပ်ဆောင် ဇဏ်ခီ
“အနုပညာလောကမှာ ဘယ်သူမှ နှိုင်းယှဉ်ခံရတာကို မကြိုက်ကြဘူး”လို့ ဇဏ်ခီပြော