မင်းသား Vin Diesel ဟာ “Fast & Furious” မိသားစုထဲမှာ အဆိုတော် Cardi B ပါဝင်လာမှုကို မိတ်ဆက်ပေးတဲ့ ဗီဒီယိုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့တုန်းက Instagram မှာ တင်ခဲ့ပါတယ်။ မင်းသား Diesel က “‘Fast 9 ရိုက်ကွင်းရဲ့ ၈၆ ရက်မြောက်နေ့ ဖြစ်ပါတယ်” လို့ ပရိသတ်ကို ပြောဆိုရင်း သူ့ဘေးနားမှာ ထိုင်နေတဲ့ Rap အဆိုတော် Cardi B ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် မင်းသားက “ကျနော် အရမ်းပင်ပန်းနေပြီဆိုတာ သိပါတယ်။ ဒီရုပ်ရှင်အတွက် ကျနော် တတ်နိုင်တဲ့ တခုချင်းစီကို အားလုံး ပေးခဲ့ပါတယ်။ အားလုံးကို စီစဉ်ထားခဲ့ပြီး အားလုံးကို ထုတ်ပြလိုက်ပါပြီ”လို့ ဆိုပါတယ်။
အဆိုတော် Cardi က “ကျမလည်း ပင်ပန်းတယ်။ ဒါပေမယ့် ကျမ မစောင့်နိုင်တော့ဘူး။ ဒီရုပ်ရှင်ဟာ အကောင်းဆုံးတခု ဖြစ်လာလိမ့်မယ်လို့ ကျမ ထင်ပါတယ်” လို့ ၉ ကားမြောက် “Fast & Furious” ရုပ်ရှင်အကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအခါမှာ မင်းသား Diesel က “ကျနော်တို့ ကောင်းချီးပေးခံရပါတယ်။ ဒါက ယူကေနိုင်ငံမှာ နောက်ဆုံး ရိုက်ကူးရေးနေ့ဖြစ်ပါတယ်။ အားလုံးကို အမြဲ ချစ်ပါတယ်” လို့ ဆိုပါတယ်။
အဆိုတော် Cardi က “ကျမ တမှေးလောက်အိပ်ဖို့ လိုနေပါတယ်။ အခုတော့ တမှေးလောက်အိပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက် လာမယ့် ၂၀၂၀ ပြည့်နှစ် မေလမှာ “Fast 9” ရုပ်ရှင်ကို ရုံတင်မယ့် အကြောင်း မင်းသားရဲ့ ပြောဆိုချက်နဲ့ အဲ့ဒီဗီဒီယိုကို အဆုံးသတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ Ellen DeGeneres ရဲ့ အစီအစဉ်မှာကတည်းက အခုရုပ်ရှင် အသစ်မှာ အဆိုတော် Cardi ပါဝင်လာနိုင်ချေရှိတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မင်းသား Diesel က အခုလိုမျိုး ကြေညာချက်သဘောမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအစီအစဉ်မှာ တင်ဆက်သူ DeGeneres က “Hustlers” ရုပ်ရှင်မှာ အဆိုတော် ဂျန်နီဖာလိုပက်ဇ်နဲ့ အတူ သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ မေးမြန်းရင်း နောက်ထပ် ရုပ်ရှင်တွေမှာ ဆက်လက်သရုပ်ဆောင်ချင်ပါသလားလို့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအခါ အဆိုတော် Cardi က “ဟုတ်ပါတယ်။ ကျမ သရုပ်ဆောင်ချင်ပါတယ်။ ဒီလမှာ ရုပ်ရှင်တကား ရိုက်ဖို့ ရှိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
Ref:etcanada
You may also like these stories:
အနုပညာလောကထဲ ဝင်ရောက်ပြီး နှစ် ၃ဝ ကြာမှ ဘွဲ့ရခဲ့တဲ့ မင်းသား Vin Diesel
စူပါစစ်သား “Bloodshot” အဖြစ် သရုပ်ဆောင်မယ့် မင်းသားကြီး Vin Diesel
“xXx 4” ရုပ်ရှင်မှာ မင်းသား Vin Diesel နဲ့ အတူ ပါဝင်ဖို့ရှိနေတဲ့ ထိုင်ဝမ်အဆိုတော် Jay Chou