BigBang အဖွဲ့ဝင်တွေဖြစ်တဲ့ G-Dragon, ထယ်ယန်းနဲ့ ဒယ်ဆောင်းတို့ စစ်မှုထမ်း ပြီးဆုံးမယ့်ရက်မှာ ပရိသတ်တွေ သွားရောက် မကြိုဆိုကြဖို့ YG Entertainment ကနေ ယနေ့၊ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
မကြာခင် ပြီးဆုံးတော့မှာဖြစ်တဲ့ BigBang အဖွဲ့ဝင်တွေရဲ့ စစ်မှုထမ်းကာလကို ပရိသတ်တွေ စောင့်မျှော်နေကြတာပါ။ ဒါပေမယ့်လည်း YG Entertainment ကနေ လတ်တလောမှာ ကူးစက်နှုန်းမြင့်နေတဲ့ ဝက်တုပ်ကွေး ရောဂါပိုးအန္တရာယ်ကြောင့် မသွားကြဖို့ မေတ္တာရပ်ခံထားတာပါ။
YG Entertainment ရဲ့ ထုတ်ပြန်ချက်ထဲမှာ “ကျနော်တို့ YG Entertainment ကနေ မကြာခင် အောက်တို ဘာနဲ့ နိုဝင်ဘာလထဲမှာ G-Dragon ၊ ထယ်ရန်းနဲ့ ဒယ်ဆောင်းတို့ရဲ့ စစ်မှုထမ်းတာဝန် ပြီးဆုံးမယ့်ရက်မှာ ပရိသတ်တွေ သွားရောက်မယ့် ကိစ္စကို ကြေညာချင်တာပါ။ လတ်လောမှာဖြစ်ပေါ်နေတဲ့ ဝက်တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်နိုင်ခြေရှိတဲ့ နေရာတွေကို သွားလာခွင့် စိစစ်ထားတာမျိုးတွေ ရှိပါတယ်”
“G-Dragon ၊ ထယ်ယန်းနဲ့ ဒယ်ဆောင်းတို့ တာဝန်ကျတဲ့ နယ်ခြားဧရိယာတွေဟာ အာဖရိက ဝက်တုပ်ကွေး (African swine fever (ASF)) ဗိုင်းရပ်စ် ရှာတွေ့ခဲ့တဲ့ နယ်နိမိတ် နေရာတွေပါ။ ဒါကြောင့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်တားဆီးနေချိန်မှာ တွေ့ရှိထားတဲ့ နေရာတွေကို အတတ်နိုင်ဆုံး မသွားကြဖို့ စိစစ်ထားပါတယ်။ အစိုးရ တာဝန်ရှိသူတွေဘက်ကလည်း ပြည်သူတွေ ရောဂါ မကူးစက်ခံရအောင် ဒီရက်တွေမှာ ပရိသတ်တွေ လာမလည်ကြဖို့ တောင်းခံထားတာပါ”
“ကျနော်တို့ဘက်ကလည်း G-Dragon ၊ ထယ်ယန်းနဲ့ ဒယ်ဆောင်းတို့ တာဝန်ပြီးဆုံးမယ့်ရက်ကို မျှော်လင့်စောင့် ကြိုနေကြတဲ့ V.I.P ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေရဲ့ ကျန်းမာရေး အတွက် တာဝန်ပြီးဆုံးမယ့်ရက်မှာ စစ်မှုထမ်းနေရာတွေဆီ မသွားကြဖို့ ထပ်မံမေတ္တာရပ်ခံချင်ပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ်မှာ စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ခဲ့တဲ့ G-Dragon ၊ ထယ်ယန်းနဲ့ ဒယ်ဆောင်းတို့ဟာ လာမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အသီးသီး စစ်မှုထမ်းကာလ ပြီးဆုံးတော့မှာပါ။ နောက်ထပ် အဖွဲ့ဝင် တယောက်ဖြစ်တဲ့ TOP ကတော့ ၂၀၁၇ ခုနှစ်ထဲက စတင်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကပဲ တာဝန်ပြီး ဆုံးခဲ့ပါတယ်။
Ref: Soompi