ပရိသတ်များကြားထဲ ပွဲဆူခဲ့တဲ့ The Model Academy Season 3 ရဲ့ ပြီးခဲ့တဲ့အပတ် ပြသခဲ့တဲ့အပိုင်းနဲ့ ပတ်သက်ပြီး ဒိုင်များအား ဝေဖန်မှုများ မြင့်တက်ခဲ့တဲ့အပေါ် ဒိုင် ၂ ဦးဖြစ်တဲ့ ဇင်အောင်နဲ့ သန္တာလှိုင်တို့ကို နားလည်ပေးလို့ရတယ်လို့ သရုပ်ဆောင် မယ်လိုဒီက ပြောပါတယ်။
“ဒီထဲမှာမှ အကြိုက်ဆုံးကတော့ မသန္တာလှိုင်နဲ့ ကိုဇင်အောင်ပဲ။ သူများတွေ အထင်လွဲပေမယ့် ကျမကတော့ မလွဲဘူး။ ကိုဇင်အောင်ဖြစ်တဲ့ စိတ်ခံစားချက်ကိုလည်း ခံစားပေးလို့ရတယ်။ သူက မိန်းကလေးဘက်ကနေ ခံစားပေးတာကိုး။ မသန္တာလှိုင်ကျတော့လည်း ယောကျ်ားလေး၊ မိန်းကလေး မခွဲဘဲနဲ့ လူငယ်နေရာကနေ နားလည်ပေးတာပေါ့။ ကျမကတော့ နှစ်ယောက်စလုံးကို နားလည်ပေးလို့ ရတယ်။ ခံစားပေးလို့ ရတယ်။ သဘောလည်း ကျတယ်”လို့ မယ်လိုဒီက ပြောပါတယ်။
အဆိုပါ ပရိုဂရမ်မှ ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်းများကို မပြသင့်ဘူးဆိုတဲ့ ထင်မြင်ချက်များလည်း ရှိနေကြတဲ့အပေါ် မယ်လိုဒီက အခုလိုပဲ ဆိုပါတယ်။
“တကယ်ဆိုရင် မြန်မာပြည်မှာ ပွဲတွေက ဒီအပိုင်းတွေက မပြသင့်ဘူး ထင်တာလေ။ တခြားနိုင်ငံတွေမှာ ရှိတယ်လေ။ တချို့အရာတွေက တုပပြီးတော့ အိုင်ဒေါတို့၊ ဘာတို့ဆိုရင်လည်း ဒီလိုပြန်လုပ်တာဆိုတော့ ကိုယ်တွေက ရက်စက်တယ်လို့ မြင်လို့ မရဘူး။ သူတို့ကစပြီး ပွဲကို သွားကတည်းက လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒါတွေကို လိုက်နာနိုင်မှသာလျှင် အမိုက်စား မော်ဒယ်တွေ ဖြစ်လာမှာပေါ့လေ”
“ဒီစတိတ်လေးကိုတောင် မကျော်ဖြတ်နိုင်ရင် အမိုက်စား မော်ဒယ်တွေ ဖြစ်မလာဘူး။ အဲ့လို မဖြစ်လာရင် သူတို့ရဲ့ အနာဂတ်မှာ အမည်းစက်လို ထင်သွားကြမယ်။ ကျမကတော့ အမည်းစက်လို့ မထင်ပါဘူး။ မှားမှန်းသိရင် ပြင်လိုက်ပါ။ ပိုကောင်းတဲ့ အနာဂတ်ကို မြင်ရမှာပါ”လို့ မယ်လိုဒီက ပြောပါတယ်။
ပြိုင်ပွဲဝင် လူငယ် နှစ်ဦးရဲ့ နေထိုင်မှုနဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းများအရ စည်းကမ်းချိုးဖောက်မှုကို ဒိုင်များက ဖြေရှင်းခဲ့ကြတာဖြစ်ပြီး ပရိသတ်များကိုတော့ CCTV မှတ်တမ်းများကို ဖွင့်လှစ် ပြသခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီလို မဖွင့်ပြတာဟာလည်း မြန်မာနိုင်ငံမှာ ဖြစ်တာကြောင့် ဖွင့်မပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီပရိုဂရမ်က ဒီအတိုင်းပဲ သွားနေတာပဲလေ။ အားလုံးလည်း သိပြီးသားပဲ။ ကျမ သိထားသလောက်ပေါ့နော်။ နိုင်ငံခြားမှာဆို ဒီပရိုဂရမ်တွေက ဒီမှာဆို CCTV ကဟာကို မပြလိုက်ဘူးပေါ့နော်။ ဟိုမှာဆို ပြမှာလေ။ အဲဒါလေးတော့ ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကလေးတွေက ငယ်သေးတဲ့အချိန် အမှားလည်း ဖြစ်နိုင်ပါတယ်”
“ဒီအမှားကို ကြည့်တဲ့ ပရိသတ်တွေကနေ ဇင်အောင့်ကိုရော၊ ကလေးတွေကိုရော အပြစ်ပြောမနေဘဲနဲ့ နားလည် ခွင့်လွှတ်ပေးလိုက်ပါ။ ဒါကြီးကို Facebook ပေါ်မှာ မပြောနေနဲ့။ ဒါဆိုရင် တဖြည်းဖြည်းနဲ့ ပျောက်သွားမှာလေနော်။ ကိုယ်ကစပြီး ခွင့်လွှတ်ကြည့်ပါ။ နားလည်ပေးကြည့်ပါ”လို့ မယ်လိုဒီက ဆိုပါတယ်။
ကိုယ်တိုင်လည်း သားယောကျ်ားလေး မွေးထားတာကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘဲ ကာယကံရှင်မိန်းကလေးကိုတော့ သတ္တိရှိတာကြောင့် သဘောကျမိတယ်လို့ ဆိုပါတယ်။
“ကျမကသိပ်တော့ မပြောတတ်ဘူး။ ကိုယ်လည်း သားမွေးထားတော့ ဘယ်သူ့ကိုမှတော့ အပြစ်မတင်ချင်ဘူး။ ဒါပေမယ့် ထူးအိမ်သင် သီချင်းလိုပဲပေါ့။ မပန်ခင်မှာ မခြွေရက်ဘူးလေ။ ကိုယ့်ရည်းစားလည်း မဟုတ်ဘူး။ ကိုယ့်မိန်းမလည်း မဟုတ်ဘဲနဲ့တော့ အခွင့်အရေး မယူသင့်ဘူးပေါ့လေ။ အဲ့လိုပဲ ရိုးရိုးလေးပဲ မြင်မိပါတယ်။ ကောင်မလေးကိုလည်း သဘောကျမိပါတယ်။ သတ္တိရှိတယ်လို့ပဲ မြင်ပါတယ်”လို့ မယ်လိုဒီက ပြောပါတယ်။
အဆိုပါ ဖြစ်ရပ်များကိုကြည့်ပြီး သားဖြစ်သူကို ဘယ်လိုဆုံးမ သွန်သင်ရမယ်ဆိုတာကို ပိုသိခဲ့ရတယ်လို့ မယ်လိုဒီက ဆိုပါတယ်။
“ကိုယ်က သားမွေးထားတော့ ကိုယ့်သားကို ဘယ်လိုသွန်သင် ဆုံးမရမလဲ ဆိုတာကို စဉ်းစားတယ်။ ကိုယ့်သားကျရင် ဒီလိုသူများကို အခွင့်အရေး မယူတတ်အောင် ကိုယ့်အမှားကိုလည်း ဝန်ခံတတ်အောင် ကိုယ်လုပ်တဲ့ကိစ္စတိုင်းကိုလည်း ရဲရဲဝံ့ဝံ့ တာဝန်ယူတတ်အောင် ဘယ်လိုတွေ သင်ရမလဲဆိုတာ ပိုသိရတာပေါ့။ သူများ သားသမီးကိုတော့ ဘာမှ မပြောချင်ပါဘူး။ တခါတလေကျရင် သားသမီး မကောင်း၊ မိဘခေါင်း ဖြစ်တာပေါ့။ မိဘတိုင်းကတော့ သားသမီးတိုင်းကို ကောင်းအောင် ဆုံးမ သွန်သင်ကြတာပဲ”လို့ မယ်လိုဒီကပြောပါတယ်။
သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီကတော့ ယဉ်ကျေးလိမ်မာပြီး ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဓိစစ်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တဦးဖြစ်ပြီး ကံကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
You may also like these stories:
“ကားရိုက် နားထားတာမဟုတ်ဘူး ခေါ်မရိုက်တာ” ဆိုတဲ့ မယ်လိုဒီ
“The Model Academy က Reality Show ဖြစ်တဲ့အတွက် Public ကို ချပြခဲ့တာ”လို့ သန္တာလှိုင် ပြော