အသက်အရွယ်တခု ရောက်လာပြီ ဆိုပေမယ့် နုပျိုနေဆဲ အကယ်ဒမီ မြတ်ကေသီအောင်ကတော့ တက်တူးထိုးရတာကို ကြိုက်နှစ်သက်ပြီး တန်ဖိုးထားရတဲ့သူတွေနဲ့ ပတ်သက်တာတွေကို ထိုးလေ့ရှိတယ်လို့ ပြောပါတယ်။
“တက်တူးကို တန်ဖိုးထားတဲ့သူတွေနဲ့ ပတ်သက်တာပဲ ထိုးတယ်။ ဘယ်ယောကျ်ားရဲ့ နာမည်မှ မပါဘူး။ ရည်းစားဆိုတာ ဒီနေ့ထားပြီးရင် နောက်နေ့ ကျိန်းသေပြောလို့မှ မရတာ။ နောက်နေ့ ပြတ်ရင် ပြတ်မှာပဲ။ အဲ့နာမည်ကြီး ထိုးထားပြီး နောက်ရည်းစား ထပ်ထားရင် ပြောမှာပေါ့”လို့ မြတ်ကေသီအောင်က ပြောပါတယ်။
လက်ရှိ ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးများကတော့ မိဘ နှစ်ပါးနဲ့ ပတ်သက်တဲ့ မွေးနေ့များ၊ သေဆုံးခဲ့တဲ့ ခုနှစ်များကို ထိုးထားခဲ့ပြီး အနုပညာအလုပ် မလုပ်တော့တဲ့အချိန်မှာတော့ နောက်ကျောဘက်မှာ တက်တူးတွေ ထပ်ထိုးချင်သေးတယ်လို့ ဆိုပါတယ်။
“တက်တူး ကြိုက်တယ်။ ကျမ ဘဝမှာ အဖေနဲ့ အမေက နံပါတ် ၁ ပဲ။ အဖေနဲ့ အမေရဲ့မွေးနေ့ သက္ကရာဇ်ရယ်၊ ဆုံးတဲ့ ခုနှစ်တွေရယ် ထိုးထားတာပါ။ တက်တူးက ၇ ခုလောက် ရှိတယ်။ နောက်ကျောတွေမှာလည်း ရှိတယ်။ နောက်ထပ်လည်း ထပ်ထိုးဖို့ ရှိတယ်။ ဒီအနုပညာ မလုပ်တော့ရင် အဖွားကြီး ဖြစ်သွားတဲ့အခါ နောက်ကျောတွေမှာ ထပ်ထိုးချင်တယ်”လို့ မြတ်ကေသီအောင်က ပြောပါတယ်။
မကြာခင်ကလည်း မြတ်ကေသီအောင်က မျက်နှာ အစိတ်အပိုင်းအချို့ကို ပြုပြင်မှုပြုလုပ်ခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေနဲ့ တွေ့ရတာကိုလည်း ပြောပြခဲ့ပါတယ်။
“မျက်နှာပြင်တယ် ဆိုတာကလည်း အခုလက်ရှိမှာ ကျမတို့က အနုပညာသမားတယောက် ဖြစ်နေလို့သာ လူတွေက စိတ်ဝင်စားတာလေ။ ကျမ သွားပြင်တဲ့ ဆရာ့ဆီမှာဆို အပြင်ကလူတွေ အများကြီးပဲ။ အသက်ကြီးတဲ့ အန်တီအရွယ်တွေကအစ အများကြီးရှိတယ်။ ကိုယ့်ထက် အသက် ၂၀ လောက်ကြီးတဲ့ အန်တီတွေတောင် သွားပြင်နေတဲ့အချိန်မှာ ကျမတို့က အနုပညာသမားမို့လို့ ထူးဆန်းနေတာ။ အမှန်တော့ ဒီကိစ္စကြီးက မထူးဆန်းတော့ပါဘူး” လို့ မြတ်ကေသီအောင်က ပြောပါတယ်။
အခုအချိန်ထိ ဇာတ်ကောင်များကို အမေ အခန်းတင် မဟုတ်ဘဲ တခြားဇာတ်ရုပ်များကိုပါ လုပ်နိုင်နေသေးတဲ့ မြတ်ကေသီအောင်ကတော့ အပြင်မှာလည်း လွတ်လွတ်လပ်လပ်ပဲ နေထိုင်ဖြစ်တယ်လို့ ဆိုပါတယ်။
“အပြင်မှာနေရင် လွတ်လွတ်လပ်နေတာ များတယ်။ သူငယ်ချင်းတွေက နောက်ကြတယ်။ ကျမရဲ့ ညီမနဲ့ ကျမက ၁၀ နှစ်ကွာတာကို နင်က နင့်ညီမ အသက်အရွယ် အောက်မေ့နေလားလို့ ပြောကြတယ်။ ဝတ်တာစားတာလည်း လူငယ် ဆန်တာကိုး” လို့ မြတ်ကေသီအောင်က ပြောပါတယ်။
လက်ရှိမှာတော့ မြတ်ကေသီအောင်က အနုပညာအလုပ်များ သိပ်မလုပ်ဖြစ်တော့ဘဲ “Coffee Lu” ဆိုတဲ့ ကော်ဖီဆိုင် ၂ ဆိုင်ကို ဖွင့်ထားပြီး စီးပွားရေးများ လုပ်ကိုင်လျက် ရှိပါတယ်။