Entertainment

ဇဏ်ခီနဲ့ ခရစ္စတီနားခီတို့ နှစ်ယောက်ကြားမှာ Third Wheel ဖြစ်ခဲ့ရတဲ့ ပိုင်ဖြိုးသု

ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ “Now & Ever” (ထာဝရနှောင်ကြိုး) ရဲ့ World Premier ပွဲ ရုပ်ရှင်အတူတူ ထိုင်ကြည့်ကြတဲ့ အချိန်မှာ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ နှစ်ယောက်ကြားမှာ ပိုင်ဖြိုးသု ထိုင်နေတဲ့ ပုံများကို ပရိသတ်များက စာသားမျိုးစုံဖြင့် အဓိပ္ပာယ် ဖွဲ့ဆိုခဲ့ကြတာကို တွေ့ရပြီး အလယ်မှာ ထိုင်ရတဲ့ ပိုင်ဖြိုးသုကတော့ ဇနီးမောင်နှံ နှစ်ယောက်ကြားမှာ Third Wheel ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

“စာတွေလည်း တွေ့တယ်။ သုသုက အလယ်မှာ Third Wheel ကြီး ဖြစ်နေတာကတော့ Now & Ever Red Carpet ရဲ့အမှတ်တရပါပဲ။ မခရစ္စရော၊ ကိုဇဏ်ရောက ရုပ်ရှင်နဲ့ ပတ်သက်ရင် အရမ်းကို ပရော်ဖက်ရှင်နယ်ကျတဲ့ နှစ်ယောက်ပါ”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ယခင်က ဇာတ်ကားများ ပြသတဲ့ ပွဲများမှာတော့ အခုလို ပွဲမတက်ခဲ့ရဘဲ “Now & Ever” မှာတော့ ရုပ်ရှင်ထဲက ဇာတ်ကောင်အတိုင်း ပွဲတက်ခဲ့ရပြီး အခုလို ထိုင်ရမယ်ဆိုတာကိုလည်း မသိခဲ့ဘူးလို့ ဆိုပါတယ်။

“ဒါက ပထမဆုံးပဲ။ အရင်က ဇာတ်ကားတွေတုန်းက ပွဲတက်တုန်းကဆိုရင် ရုပ်ရှင်ကားထဲက ဇာတ်ကောင်အတိုင်း မတက်ရဘူး။ အပြင်က သရုပ်ဆောင် ပိုင်ဖြိုးသုအနေနဲ့ တက်ရတယ်။ အခု Now & Ever မှာဆိုရင် ဝတ်မှုံအနေနဲ့ တက်ရတယ်။ ကိုဇဏ်ဆိုရင်လည်း သီဟအနေနဲ့ တက်ရတယ်။ ပွဲမတက်ခင်ကလည်း ထုတ်လုပ်ရေးကနေ သီဟနဲ့ ဝတ်မှုံဆိုတဲ့ ပို့စ်တွေနဲ့ ရိုက်တယ်။ ကားစီးတော့လည်း သီဟနဲ့ ဝတ်မှုံက တစီးပေါ့”

သရုပ်ဆောင် ဇဏ်ခီနဲ့ အကယ်ဒမီ ပိုင်ဖြိုးသု (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

“ပွဲတက်တော့လည်း လက်ချိတ်ပြီး သီဟနဲ့ ဝတ်မှုံလိုမျိုး တက်ရတယ်။ ရုပ်ရှင်ကြည့်တော့လည်း ထိုင်ရင်တော့ ဒီတိုင်းပဲ ထိုင်ရမယ်ပေါ့။ မဟုတ်ဘူး။ သူတို့က သေသေချာချာကို စီစဉ်ပြီး လုပ်ထားတယ်။ ဘေးမှာကိုဇဏ်ကို တွေ့တော့ နေရာလဲမလားဆိုတော့ မဟုတ်ဘူးတဲ့။ သီဟနဲ့ ဝတ်မှုံအနေနဲ့ပဲ တက်ရမှာတဲ့။ အဲဒါနဲ့ အလယ်မှာ Third Wheel ကြီးဖြစ်နေတာ”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ဒီကားကိုတော့ ကြည့်ပြီးသမျှ Review များမှာ ပိုင်ဖြိုးသုကို ချီးကျူးမှုများ ပြုလုပ်ထားပြီး ပိုင်ဖြိုးသုကတော့ ရုံတင်ပြသမယ့် ရက်အတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

“သရုပ်ဆောင်ဆိုတာကတော့ ကိုယ်ကြိုးကြိုးစားစားနဲ့ သရုပ်ဆောင်ပြီး ကားလေး ထွက်လာလို့ ပရိသတ်က ချီးကျူးရင် အသိအမှတ်ပြုရင် အရမ်းပျော်တာဆိုတော့ အခုလည်း ပျော်တာပေါ့။ ဒါပေမယ့် ဒါက နီးစပ်ရာ လူတချို့ပဲ ကြည့်ရသေးတာ ဆိုတော့ ၃၁ ရက်နေ့ဆိုရင် လူတွေအကုန်လုံး ကြည့်ခွင့်ရပြီဆိုတော့ အဲ့အချိန်ကိုပိုပြီး ရင်တုန်တယ်။ ရင်ခုန်တယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ဒီကားထဲမှာတော့ ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ရဲ့အတွဲညီမှုကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီး ကိုယ်တိုင်လည်း ချီးကျူးခဲ့ပါတယ်။

မကြာခင်မှာလည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့အတူ ဒုတိယရုပ်ရှင် ဇာတ်ကားကို ဖန်တီးသွားမှာဖြစ်ပြီး အဲဒီကားမှာတော့ နှစ်ယောက်လုံး သဘောကျ နှစ်သက်ရတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့အတူ အလုပ်တွဲလုပ်သွားမယ်လို့ သိရပါတယ်။

You may also like these stories:

အကယ်ဒမီကို အရမ်း မမျှော်လင့်ထားပါဘူးလို့ ဇဏ်ခီပြော

“Now & Ever” က ရှေ့ဆက်မယ့် လမ်းခရီးအတွက် ဝမ်းစာဖြစ်တယ်လို့ ဂျူးဂျူးကေ ပြော

ဘဝတလျှောက်လုံး ရုပ်ရှင် ၁၀ ကားခန့် ရိုက်ဖို့ ရည်ရွယ်ထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

Loading