ဝါရင့် ဟာသ သရုပ်ဆောင် ခင်လှိုင်က ဇနီးနဲ့ သားသမီးတွေ စုပေါင်းပြီး iPhone 11 နဲ့ ကန်တော့ခဲ့ကြတဲ့ အတွက် ကြည်နူး ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။
“သားတွေ၊ သမီးတွေက ကျနော်ကို iPhone 11 နဲ့ ကန်တော့ကြတယ်။ ကျနော် မထင်ဘူး၊ ဒီဖုန်းလေးကို လိုချင်ပေမယ့် ဈေးကြီးလို့ မဝယ်ချင်ဘူး။ ကျနော် ဝယ်ရင်လည်း သားနှစ်ယောက်နဲ့ သမီးနဲ့ ဝယ်ပေးရမှာ။ သူတို့တွေ မကိုင်ဘဲနဲ့ ကျနော်လည်း မကိုင်ချင်ဘူး။ ဒီရက်ထဲမှာ ပိုက်ဆံတွေက အကုန်အကျများနေတော့ မဝယ်ချင်သေးတာနဲ့ နေနေတာ။ သူတို့က Surprise လာလုပ်တော့ အရမ်းပျော်ပါတယ်။ ကြည်နူးရတယ်”လို့ ခင်လှိုင်က ပြောပါတယ်။
လတ်တလောမှာ ရုံတင် ပြသနေတဲ့ “သုံးယောက်ပေါင်းလောင်းကျော်” ဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရကိုလည်း ခင်လှိုင်က အခုလို ပြောပါတယ်။
“သုံးယောက်ပေါင်းလောင်းကျော် ဇာတ်ကားက ကျနော်တို့ ၂၀၁၆ လောက်က ရိုက်ထား။ ကျနော်ရယ်၊ ကိုရိုင်းရယ်၊ ကိုဒိန်းဒေါင်ရယ်က ညီအစ်ကို ၃ ယောက်။ အမှတ်တရတွေက အများကြီး။ ရယ်နေရတယ်။ တချိန်လုံး ခွီ နေရတယ်။ မဆင့်ရော၊ မမို့ရောက ဟာသကို ကျွမ်းတယ်။ သူတို့က ဘက်စုံတော်တဲ့ အနုပညာရှင်တွေပါ။ ဒီကားလေးကလည်း ပရိသတ်ကို ခဏတာ ရယ်မော ပျော်ရွှင်စေမှာပါ”
ခင်လှိုင်က သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးတဲ့ “ချိုးရုပ်” ဇာတ်ကားကိုလည်း ပရိသတ် အားပေးကြတာကြောင့် ထုတ်လုပ်သူတွေရော၊ သရုပ်ဆောင်တွေဆီကပါ ယုံကြည်မှုတခု ရတယ်လို့ ဆိုပါတယ်။
“ချိုးရုပ်ဇာတ်ကားက ပရိသတ်တွေ အရမ်းအားပေးလို့ ဝမ်းသာရပါတယ်။ ကျနော် ကြိုးစားရကျိုး နပ်တာပေါ့။ ထုတ်လုပ်သူတွေရော၊ သရုပ်ဆောင်တွေဆီကရော ယုံကြည်မှု တခုရသွားတာပေါ့။ ကျနော် ကြိုးစားထားတာလည်း မှတ်ချက် ပေးကြတယ်။ သရုပ်ဆောင် တယောက်က ဒါရိုက်တာအနေနဲ့ ကြိုးစားထား တာလေး ဘယ်လိုလဲဆိုတာ ကြည့်ကြချိန်မှာ Comment တွေ အရမ်းကောင်းတာကြောင့် အရမ်းပျော်ရပါတယ်”
“ကျနော်ကလေ သရုပ်ဆောင်အနေနဲ့ကို မပါချင်တာပါ။ မြင့်မြတ်ကလည်း မြင့်မြတ် အစ်ကိုနေရာနဲ့ လိုက်တယ်။ အစ်ကိုပဲ သရုပ်ဆောင်ပါ။ ထုတ်လုပ်သူတွေကလည်း ကျနော့်ကိုပဲ ရိုက်စေချင်တယ်။ ကျနော်က ဒါရိုက်တာဘက်ကို မလျော့ချင်တာကြောင့် မရိုက်ဘူးလို့ ငြင်းတာပါ။ သရုပ်ဆောင်ဘက်လည်း ကောင်းအောင် ကြိုးစားထားပါတယ်”လို့ ခင်လှိုင်က ပြောပါတယ်။
သရုပ်ဆောင် နေရဲနဲ့ သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်တဲ့ ခင်လှိုင်ဟာ အနုပညာလောကမှာ အချိန်တော်ကြာ ရပ်တည်နေတဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။ ခင်လှိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ “ချိုးရုပ်” ဇာတ်ကားဟာလည်း ပရိသတ်အားပေးမှု ရရှိထားပါတယ်။
You may also like these stories:
“ချိုးရုပ်” ဇာတ်ကားမှာ ကိုယ်တိုင် ဒါရိုက်တာ၊ သရုပ်ဆောင်အနေနဲ့ ပါဝင်ထားတဲ့ ခင်လှိုင်
လောင်းကစားကြောင့် ဘဝပျက်ဖူးလို့ လောင်းကစားကို စွန့်လွှတ်ခဲ့တဲ့ ခင်လှိုင်
ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုဖို့ မလွယ်ကြောင်း ခင်လှိုင် ပြော
“ငယ်ငယ်တုန်းက ဆင်းရဲခဲ့တော့ သားသမီးတွေ လူတန်းစေ့ နေနိုင်အောင် ကြိုးစားခဲ့ရတယ်”