“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ရှိန်းတင်ထူးကတော့ သူစိမ်းအိမ်မှာ ပါဝင်ခွင့်ရခဲ့ပြီး ပညာတွေ ရခဲ့တာကြောင့် ဒါရိုက်တာ ထူးပိုင်ဇော်ဦးက သူ့ရဲ့အဖေလိုပါပဲလို့ ပြောပါတယ်။
“ကိုထူး (ထူးပိုင်ဇော်ဦး) နဲ့ အလုပ်လုပ်ရတာက ကိုထူးက ကျနော့် အဖေလိုပါပဲ။ အလုပ်အပေါ် ထားသင့်တဲ့စိတ်တွေ သင်ပေးတယ်။ အလုပ်ကို ဘယ်လိုလုပ်ရမယ်ကို သင်ပေးတယ်။ အိုက်တင်ပိုင်းနဲ့ ပတ်သက်ပြီးတော့က သင်ပေးတာ မဟုတ်ဘူး။ ဖော်ပေးတာလို့ ပြောရမယ်။ ကျနော့်ဟန်ကို ဖော်ပေးတာပေါ့”လို့ ရှိန်းတင်ထူးက ပြောပါတယ်။
ထပ်မံပြီးတော့လည်း ထူးပိုင်ဇော်ဦးနဲ့အတူ နောက်ထပ် အချစ်ကား တကားရိုက်ဖို့ရှိပြီး တခြားကမ်းလှမ်းထားတဲ့ ဇာတ်ကားများလည်း ရှိတယ်လို့ သိရပါတယ်။
“ဒီနောက်ပိုင်းတော့ ကျနော် ကြော်ငြာတွေ များတယ်။ နောက်ပြီးတော့ ကိုထူးပိုင်ဇော်ဦးနဲ့ နောက်တကား အချစ်ကား ရိုက်ဖို့ရှိပါတယ်။ နောက်ထပ် ကမ်းလှမ်းလာတဲ့ ကားတွေတော့ ရှိတယ်။ ကျနော် ဇာတ်ညွှန်းဖတ်ကြည့်ဦးမယ်ပေါ့။ ဇာတ်ညွှန်းဖတ်ပြီးမှ ပြန်ပြီးတော့ အတည်ပြုပေးပါမယ်”လို့ ရှိန်းတင်ထူးက ပြောပါတယ်။
“သူစိမ်းအိမ်”မှာတော့ လုပ်ကွက်ရခဲ့ပေမယ့် အခန်းနည်းခဲ့ပြီး နောက်ရိုက်မယ့် ဇာတ်ကားမှာတော့ ပါဝင်ရမှာ များတယ်လို့ သိရပါတယ်။ “ကျနော် လုပ်ကွက်လည်း ရပါတယ်။ သူစိမ်းအိမ်တုန်းကလည်း လုပ်ကွက်ရပေမယ့် အခန်းနည်းတယ်။ ဒီမှာတော့ များတယ်ပေါ့။ ကျနော်ပြောလို့ မရသေးလို့” လို့ ရှိန်းတင်ထူးက ပြောပါတယ်။
နောက်တကားမှာ ပါဝင်ရန် ကမ်းလှမ်းခံရတဲ့အတွက်လည်း ဝမ်းသာမိပြီး အနုပညာခြေလှမ်း နောက်တလှမ်း လှမ်းဖို့အတွက်လို့လည်း ယုံကြည်တယ်လို့ ပြောပါတယ်။
လတ်တလောမှာတော့ ရှိန်းတင်ထူးက မျက်ကြည်လွှာ ရောင်ရမ်းနေတဲ့အတွက် အလုပ်များကို ဖျက်ထားရတဲ့ အခြေအနေ ဖြစ်နေပြီး ဂရုစိုက်နေရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
“ဆရာဝန်ကတော့ မျက်မှန်တပ်ခိုင်းတယ်။ မျက်စဉ်းပဲ ခတ်ခိုင်းတယ်။ ဆေးမပေးလိုက်ဘူး။ မျက်ကြည်လွှာ ရောင်တာ။ စိုးရိမ်စရာတော့ မရှိပါဘူး။ တဖက်က မျက်ကြည်လွှာရောင်တာ တဖက်က ဒီတိုင်းပဲနီနေတာ။ နောက်ထပ် လုပ်ရမယ့် ပရောဂျက်ကြီးတခုရှိတော့ မနည်းကောင်းအောင် လုပ်နေရတယ်။ ပရောဂျက်က နည်းနည်းကြီးတယ်ဆိုတော့” လို့ ရှိန်းတင်ထူးက ပြောပါတယ်။
သရုပ်ဆောင် ရှိန်းတင်ထူးကတော့ “သူစိမ်းအိမ်” ရုပ်ရှင်မှာ ရှိန်းအဖြစ် ပါဝင်ခဲ့ပြီး Music Video ၊ ကြော်ငြာများကို ရိုက်ကူးနေကာ သူ့ရဲ့ အပြုံးချိုချိုလေးကြောင့် မိန်းကလေးပရိသတ်များ ကြိုက်နှစ်သက်ရတဲ့ အနုပညာရှင်တယောက် ဖြစ်လို့ နေပါတယ်။
You may also like these stories:
“ပရိသတ်ယုံကြည်ရတဲ့ ဒါရိုက်တာဖြစ်အောင် ကြိုးစားသွားမယ်” လို့ ထူးပိုင်ဇော်ဦး ပြော
လူသတ်ခန်းတွေ ပါလို့ ၁၃ နှစ်အောက် ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ “သူစိမ်းအိမ်”
“ခသုံးလုံးရဲ့ တတိယမြောက်ရုပ်ရှင် ထူးပိုင်ဇော်ဦးကို အကုန်အပ်ထားတယ်”လို့ ထွန်းအိန္ဒြာဗိုပြော