Channel 7 ရုပ်သံလိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ပြသခဲ့တဲ့ The Model Academy Season 3 ပြိုင်ပွဲရဲ့ ပြသသမှုများနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် စီစဉ်သူ ဇင်အောင်က ဒီပွဲက Reality Show ဖြစ်တဲ့အတွက် Reality တင်ပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“The Model Academy ပြိုင်ပွဲက Reality Show ဖြစ်တဲ့အတွက် Reality တင်ပြရခြင်း ဖြစ်ပါတယ်။ မော်ဒယ်တွေရဲ့ ကြိုးစားယှဉ်ပြိုင်၊ ရပ်တည်မှုနဲ့ လျှောက်လှမ်းထက်မှာ သူတို့တွေရဲ့ Perform လုပ်တဲ့ ဒီပုံစံကိုပဲ မြင်ရတာ မဟုတ်ဘဲနဲ့ စတိတ်မှာ မော်ဒယ်တယောက် ကြိုးစားယှဉ်ပြိုင် ရပ်တည်ရတဲ့ အပိုင်းတွေ၊ ခက်ခဲမှုတွေကိုပါ ပြတာပါ”လို့ စီစဉ်သူ ဇင်အောင်က ပြောပါတယ်။
ဆက်လက်ပြီး ဇင်အောင်က ဆန်ခါတင် ပြိုင်ပွဲဝင်တွေကို နောက်ဆုံးဖိုင်နယ်အထိ ဘယ်လို စိန်ခေါ်မှုတွေ ယှဉ်ပြိုင်ရလဲဆိုတာကို ပြချင်တာလို့ ဆိုပါတယ်။
“ဆန်ခါတင်ကနေ ကျနော်တို့ Camp ကို ရောက်တယ်။ နောက်ဆုံးဖိုင်နယ်အထိ ရောက်ဖို့အတွက်ကို ဘယ်လိုကြိုးစားရလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ယှဉ်ပြိုင်ရလဲ ဆိုတာကို ပြချင်တာပါ။ လူတိုင်းကတော့ ဒရာမာ ရှိတယ်လေ။ သူတို့စိတ်ထဲမှာရှိတဲ့ ဒရာမာလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ တခါတလေမှာ ဒီအပိုင်းကို ဖြတ်ပါလားဆိုတာတွေ၊ ပြောတာတွေလည်း ရှိတာပေါ့”
“ကျနော်တို့က Reality Show လေ။ Reality Show ဖြစ်တာကြောင့် ကျနော် ပွင့်ပွင့်လင်းလင်း ပြောချင်တာက Script (ဇာတ်ညွှန်း) မရှိပါဘူး။ ကလေးတွေ အကုန်လုံးကလည်း ဒီပွဲအပေါ်မှာ ကြိုးစား ရပ်တည်နေကြတဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ ကျနော်တို့က ၁၁ လပိုင်း ၂၄ ရက်နေ့အထိ သူတို့က Camp ဝင်ပြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ ဆိုရှယ် မီဒီယာမှာ ဝေဖန်တာတွေရှိရင် ခံနိုင်အောင်ပါ တခါတည်း သင်နေတာ ဖြစ်ပါတယ်”လို့ ဇင်အောင်က ပြောပါတယ်။
The Model Academy ပြိုင်ပွဲကို ပရိသတ်တွေ ဝေဖန်နေကြတဲ့အပေါ် ဇင်အောင်က ပရိသတ်တွေ ဝေဖန် လို့လည်း ဆက်လက် ရပ်တည်နေနိုင်တာဖြစ်တဲ့အတွက် ဝေဖန်ပါလို့ ဆိုပါတယ်။
“မော်ဒယ်တယောက် ဖြစ်ဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းဖို့ အရမ်းအရေးကြီးတာပေါ့။ လူငယ်တွေ အနေနဲ့ သူတို့ အသက်မွေးဝမ်းကြောင်း တခုကို ရပ်တည်တဲ့အခါ သူရဲ့ ဝါသနာပါမှု တခုတည်းနဲ့ မရဘူး။ ကြံ့ခိုင်မှုတွေ၊ စိတ်ဓာတ်တွေ၊ နောက် သူတို့ဘဝမှာ ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ ရှင်သန်ရပ်တည်ဖို့တွေ သိပ်ကို အရေးကြီးပါတယ်။ အဲ့အတွက် ကျနော်တို့ကလည်း သင်ပြနေတာပါ”
“ပွဲဆူတယ်ဆိုတာကလည်း Reality Show ရဲ့ အချို့သော Concept (သဘောတရား) တွေဟာ ကျနော်တို့ တင်ပြမှု အပိုင်းနဲ့ ပတ်သက်ပြီး အသစ်လို ဖြစ်နေတာပါ။ အနောက်နိုင်ငံက အစီအစဉ်တွေမှာလည်း ဒီထက် ပိုပြီး တင်ပြတဲ့ အပိုင်းတွေ ရှိပါတယ်။ ကျနော်တို့က လိုအပ်တဲ့ အပိုင်းကိုပဲ ကျနော်တို့ တင်ပြပေးရတာပါ။ အဲဒါကို နားလည်ပေးဖို့လည်း ပြောချင်ပါတယ်”
“ကျနော်တို့ The Model Academy ကတော့ အမြဲတမ်း ရှေ့ဆက်သွားနေမှာ ဖြစ်တာကြောင့် သူတို့ကို ဝေဖန်ပါလို့ပဲ ပြောရမှာပေါ့။ ပရိသတ်တွေ ဝေဖန်နေလို့လည်း ကျနော်တို့တွေက ဆက်လက် ရပ်တည်နေနိုင်တာပါ”လို့ ဇင်အောင်က ပြောပါတယ်။
The Model Academy ပြိုင်ပွဲကိုတော့ ကျင်းပလာခဲ့တာ Season ၃ ခု ရှိပြီဖြစ်ပြီး ယခင်နှစ်များက မိန်းကလေးများသာ ပြိုင်ပွဲအတွက် ခေါ်ယူခဲ့သော်လည်း ယခုလက်ရှိ Season 3 မှာတော့ ယောကျ်ားလေးများပါ ဝင်ပြိုင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
“ဇင်အောင်နဲ့ သန္တာလှိုင် နှစ်ယောက်စလုံးကို နားလည်ပေးလို့ ရတယ်”လို့ မယ်လိုဒီ ပြော
“The Model Academy က Reality Show ဖြစ်တဲ့အတွက် Public ကို ချပြခဲ့တာ”လို့ သန္တာလှိုင် ပြော