မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်များကပါ ကြိုက်နှစ်သက်ရတဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံမှာ လူသိပြီး အောင်မြင်တာဟာ မြန်မာနိုင်ငံက ပရိသတ်တွေဆီက အခြေတည်တာပါလို့ ပြောပါတယ်။
“သူများနိုင်ငံမှာ ဒီလိုမျိုး လူသိတယ်၊ အပြောခံရတယ်ဆိုတာ မြန်မာနိုင်ငံက ပရိသတ်တွေဆီက အခြေပြုတာပေါ့နော်။ အဲဒါကြောင့် မြန်မာနိုင်ငံက ပရိသတ် တဦး တယောက်ချင်းစီကို ကျေးဇူးတင်တယ်လို့ပြောချင်တယ်။ ရှေ့ဆက်ပြီးတော့လည်း မြန်မာပရိသတ်တွေ လက်ခုပ်တီးရကျိုးနပ်အောင် ဒီ့ထက်မက ကြိုးစားပြီး လုပ်ဆောင်သွားပါမယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။
အခုဆိုရင် ထိုင်းနိုင်ငံမှာတော့ မြန်မာနိုင်ငံထက် လူသိများနေပြီး မြန်မာနိုင်ငံမှာလို သွားချင်တိုင်း သွားလို့ မရတော့ဘူးလို့ ပြောပါတယ်။
“ထိုင်းမှာကတော့ မြန်မာနိုင်ငံထက် လူပိုသိတယ်။ မြန်မာနိုင်ငံလိုမျိုး သွားချင်တိုင်းလည်း သွားလို့ မရဘူး။ ဘာလို့လဲဆိုတော့ လတ်တလောလည်း နည်းနည်း Hit ဖြစ်သွားတာလည်း တကြောင်းပေါ့။ အဲဒါကြောင့်ပါ” လို့ ပိုင်တံခွန်က ပြောပါတယ်။
ထိုင်းနဲ့ မြန်မာနိုင်ငံမှာ အနုပညာ အလုပ်များကို တဝက်စီ လုပ်ကိုင်လျက်ရှိပြီး တလမှာ ၁၅ ရက်စီ အလုပ်များကို မျှလုပ်တယ်လို့ သိရပါတယ်။
“အတူတူပဲ။ တလမှာ ရက် ၃၀ ရှိရင် ၁၅ ရက်၊ ၁၅ ရက်စီပဲ ကျနော်လည်း ခဏခဏ မသွားနိုင်ဘူး။ ကြော်ငြာ ၁၀ ခု ရှိရင် ၁၁ ရက်ဆို ၁၁ ရက်၊ ၁၂ ရက်ဆို ၁၂ ရက်၊ တခါတည်း အချိန်ပေးလိုက်တယ်။ ဟိုမှာ အလုပ်ပြီးသွားရင် ဒီဘက်မှာ တခါတည်း လာရိုက်လိုက်တယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း သူကြိုက်နှစ်သက်တဲ့ ထိုင်းမင်းသမီးနဲ့အတူ ကြော်ငြာတွဲရိုက်ခွင့် ရခဲ့ပြီး နောက်ထပ်လည်း ထိုင်းမင်းသမီးများနဲ့ ကြော်ငြာရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။
“ထိုင်းမှာ နောက်ထပ် မင်းသမီးတွေနဲ့ ကြော်ငြာရိုက်ဖို့ ရှိတယ်။ ရိုက်ကူးရေးတွေတော့ အများကြီး ရှိသေးတယ်။ မထွက်ခင်တော့ မြန်မာမီဒီယာတွေရော၊ ပရိသတ်တွေကိုရော ပြောပြမယ်။ ကျနော် ကိုယ်တိုင်လည်း ဘာမှ မပြောဖြစ်တာ ပါတယ်။ ဟိုမှာ သွားရိုက်တယ် ဒီတိုင်းပဲ။ ထိုင်းအင်တာဗျူးတွေမှာ တက်သွားတယ်”
“တကယ်လို့ ကျနော့်အကြောင်းသိချင်ရင် YouTube မှာ Paing Takhon လို့ ရိုက်လိုက်၊ ထိုင်းဘက်က တင်ထားတာတွေ တက်လာလိမ့်မယ်။ သူတို့ဘက်က တင်တာ ပိုများတယ်။ ကျနော်က Facebook မှာ မြန်မာဘက်ဟာပဲ တင်တာ များတယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။
မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကတော့ လူငယ် အနုပညာရှင်များထဲမှာ မိန်းကလေး ပရိသတ်များစွာရဲ့ အားပေးမှုကို ရရှိထားပြီး မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုတခု ရရှိနေတဲ့ အနုပညာရှင်တဦးအဖြစ် ရပ်တည်လျက် ရှိပါတယ်။