ယခုနှစ်အတွက် Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲမှာ Top 11 ဆန်ခါတင် ပြိုင်ပွဲဝင်တဦးအဖြစ် ရွေးချယ်ခံထားရတဲ့ အေးမြဖြူကတော့ သီချင်းဆိုရတဲ့ နည်းပညာများကို တတ်ကျွမ်းပေမယ့် ခံစားသက်ဝင်မှု အားနည်းနေသေးတာကြောင့် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောပါတယ်။
“ကိုယ့်ရဲ့အားနည်းချက် ဆိုရင်တော့ အဓိကက ခံစားသက်ဝင်မှုပေါ့နော်။ ဦးအောင်ကိုလတ်လည်း ပြောသွားတယ်။ သမီးက ငယ်သေးတယ်၊ အသက် ၁၆ နှစ်ပဲ ရှိသေးတော့ အသက်ငယ်သေးတာလည်း ပါရင် ပါမယ်။ နောက်ပြီးတော့ ငယ်ငယ်ကတည်းက သီချင်းဆိုရင် Technique (နည်းပညာ) ပိုင်းကို ဦးစားပေးတယ်ပေါ့။ အဲဒါကြောင့် နောက်ပိုင်းမှာ Technique ပိုင်းကိုလည်း လျှော့သွားပါမယ်။ ခံစားသက်ဝင်မှု အပိုင်းကိုလည်း အကောင်းဆုံးကြိုးစားပြီး Mood အပြည့်နဲ့ သီဆိုသွားပါမယ်”လို့ အေးမြဖြူက ပြောပါတယ်။
ငယ်စဉ်ကတည်းက သီချင်းဆိုပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အေးမြဖြူကတော့ အခုအချိန်မှာ အသက် ၁၆ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။
“ငယ်ငယ်တုန်းက ပြိုင်ပွဲပြိုင်တယ်ဆိုတာ ငယ်ငယ်ကတည်းက သီချင်း ဝါသနာပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဆိုလည်း ဆိုလိုက်တာပဲ။ ဆုရသွားတော့ ပျော်တာပေါ့နော်။ ဒါပေမယ့် အခု Myanmar Idol ကျတော့ အရမ်းကြီးတဲ့ ပရိုဂရမ်ဖြစ်တော့ သမီးမှာ စပြိုင်ကတည်းက Stress (ဖိအား) ရှိတယ်။ ဒါပေမယ့် အဲ့ Stress ကို အကုန်လုံးက အရမ်းအားပေးကြတယ်”လို့ အေးမြဖြူက ပြောပါတယ်။
အခုအချိန်မှာတော့ ငယ်စဉ်က ပြိုင်ပွဲများပြိုင်သလို မဟုတ်တော့ဘဲ စိတ်ဖိစီးမှုများရှိနေပြီး ငယ်စဉ်ကတည်းက အားပေးလာတဲ့သူတွေကလည်း အခုအချိန်မှာ ပိုအားပေးလာကြတဲ့အတွက် အားတွေ အများကြီး ရခဲ့တယ်လို့ ဆိုပါတယ်။
“ငယ်ငယ်ကတည်းက အားပေးတဲ့သူတွေက အခုဆိုရင် ပိုပြီး အားပေးကြတယ်။ အဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒါကြောင့်လည်း အားတွေလည်း အများကြီး ရပါတယ်။ အဲဒီအားတွေလည်း ဆက်လက် ကြိုးစားသွားပါမယ်”လို့ အေးမြဖြူက ပြောပါတယ်။
အေးမြဖြူကတော့ ပရိသတ်များက သူမကို Winner ဖြစ်ပါစေဆိုပြီး အားပေးကြတဲ့အတွက် ဝမ်းသာမိသော်လည်း သူမအနေနဲ့တော့ အတတ်နိုင်ဆုံး ထိပ်ဆုံးရောက်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“Winner ဖြစ်ပါစေဆိုပြီး အကုန်လုံးက အားပေးတာကြောင့် သမီးအတွက် ကြိုးစားရကျိုးနပ်တယ်။ အဲဒါကြောင့် Winner ဖြစ်ခဲ့သည်ရှိသော်၊ မဖြစ်ခဲ့သည်ရှိသော် အကောင်းဆုံးတော့ ထိပ်ဆုံးရောက်တဲ့အထိ ကြိုးစားသွားပါမယ်”လို့ အေးမြဖြူကပြောပါတယ်။
အခုအချိန်မှာတော့ Myanmar Idol Season 4 မှ နောက်ဆုံး ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင် ၁၁ ယောက်ကို ရွေးချယ်ခဲ့ပြီးဖြစ်တာကြောင့် နောက်တပတ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ စတင် ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အေးမြဖြူက စိတ်ပိုင်းဆိုင်ရာကိုလည်း အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
“စိတ်ပိုင်းဆိုင်ရာဆိုရင်တော့ ပြိုင်ပွဲကလည်း Live Show စတော့မယ် ဆိုတော့ အရမ်းလည်းရင်ခုန်နေတယ်။ အကုန်ဆုံးကြိုးစားမယ်လို့ တွေးထားတယ်။ အကောင်းဆုံး ကြိုးစားသွားပါမယ်။ သမီး အားသန်တာကတော့ Pop ၊ နောက်ပြီး Slow Pop လေးတွေဆိုရင် ပိုအားသန်တယ်။ အမြူးလေးတွေလည်း ရတော့ ရတယ်”လို့ အေးမြဖြူက ပြောပါတယ်။
Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ Top 11 ပြိုင်ပွဲဝင် အေးမြဖြူကတော့ ငယ်စဉ်က “ဂီတတံခါးလေး ဖွင့်ပါဦး” သီချင်းဆိုပြိုင်ပွဲမှာ ဆုများရရှိခဲ့ကာ အနုပညာအလုပ်များကို လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာလည်း ၃ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။